ကုန်အမှတ်တံဆိပ်များမှတ်ပုံတင်လျှောက်ထားခြင်းမှာဝန်ဆောင်မှုအမျိုးအစားပေါင်း ၁၇ခုအတွက် အမျိုးအစားအလိုက် ပေးသွင်းရမယ့်အခကြေးငွေသတ်မှတ်
ကုန်အမှတ်တံဆိပ်များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုအမျိုးအစားအလိုက် ပေးသွင်းရမည့် အခကြေးငွေများကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့်အညီ သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။
သတ်မှတ်လိုက်တဲ့ ဝန်ဆောင်မှုအမျိုးအစားတွေဟာဆိုရင် အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားမှုအား လက်ခံစစ်ဆေးခြင်း (TM-1)အတွက် ဝန်ဆောင်ခငွေ ၁၅၀,၀၀၀ကျပ်နှင့် အမှတ်တံဆိပ် မှတ်ပုံတင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားမှုအား စိစစ်မှတ်တမ်းတင်ခြင်း (TM-11)အတွက် ၃၀၀,၀၀၀ကျပ်တို့ ဖြစ်ပါတယ်။
ထပ်မံပြီး အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်တွင် စာအရေးအသားအမှားနှင့် အခြားမှားယွင်းမှုများကို ပြင်ဆင်ပေးရန် တောင်းဆိုမှုအား စိစစ်ပြင်ဆင်ခြင်း (TM-4)အတွက် ဝန်ဆောင်ခငွေ၅၀,၀၀၀ကျပ်၊ မှတ်ပုံတင်အမှတ်တံဆိပ်ကို တရားမဝင်ကြောင်း ကြေညာပေးရန် တောင်းဆိုမှုအား စစ်ဆေးခြင်း(TM-15)အတွက် ၁၅၀,၀၀၀နဲ့ အယူခံလျှောက်ထားမှုအား စစ်ဆေးခြင်း (TM-19)အတွက် ၅၀၀,၀၀၀ကျပ်စသဖြင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၁၇ခုအတွက် ဝန်ဆောင်မှုပေးရတဲ့ အမျိုးအစားအလိုက် ပေးသွင်းရမယ့် အခကြေးငွေတွေကို သတ်မှတ်လိုက်တာပါ။
ပေးသွင်းရမယ့် အခကြေးငွေတွေ သတ်မှတ်လိုက်သလို ဒုတိယအဆင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ယခုနှစ်ဧပြီ၃ရက်နေ့မှစ၍ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဦးစီးဌာနအောက်ရှိ လျှောက်လွှာလက်ခံမည့်ဌာန နေပြည်တော်(ရုံးချုပ်)နှင့် ရန်ကုန်(ရုံးခွဲ)သို့ လာရောက်လျှောက်ထားခြင်းဖြင့် လည်းကောင်း၊ ဦးစီးဌာနက သတ်မှတ်ထားတဲ့ အီလက်ထရောနစ် စနစ်ဖြင့်လည်းကောင်း လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း တရားဝင်စတင် လက်ခံဆောင်ရွက်မည့်နေ့ကို ဒုတိယအဆင့် လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်တဲ့ နေ့ရက်နောက်ပိုင်းတွင် သီးခြားထပ်မံ ထုတ်ပြန်ပေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပထမအဆင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းတွေကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ၁ရက်နေ့မှ စတင်ပြီး အီလက်ထရောနစ် စနစ်ဖြင့် လက်ခံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ညွှန်ကြားချက်တွေကိုလည်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ ဆောင်ရွက်တာဖြစ်ပြီး ၎င်းဥပဒေကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကာ ၂၀၂၃ခုနှစ် ဧပြီ၁ရက်နေ့မှာ စတင်အသက်ဝင်ပြီမို့ ၎င်းဥပဒေအရ ကုန်အမှတ်တံဆိပ် လျှောက်ထားခွင့်တွေကို အခုလို ပြင်ဆင်ဆောင်ရွက် လာတာလို့လည်း သိရပါတယ်။