KBZ bank ၏ Core Banking စနစ် အဆင့်မြှင့်တင်မှာဖြစ်လို့ ဝန်ဆောင်မှုအချို့ တစ်ပတ်ခန့် အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်
ကမ္ဘောဇဘဏ် (KBZ bank)၏ Core Bankingစနစ် အဆင့်မြှင့်တင်ခြင်းကို လာမယ့်ဧပြီ၇ရက်နေ့မှ ဧပြီ၁၂ရက်နေ့အထိ ဆောင်ရွက်သွားမှာဖြစ်လို့ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ (iBankingနှင့်mBanking) အပါအဝင် ဘဏ်မှပေးအပ်ထားတဲ့ ဝန်ဆောင်မှုအချို့ကို ယာယီအသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ KBZ Bankမှ အသိပေးထားပါတယ်။
အဆိုပါ Core Bankingစနစ် အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ၂၀၂၃ခုနှစ်ဧပြီ၇ရက် ည၁၁နာရီ၄၅မိနစ်မှ ဧပြီ၁၂ရက်နံနက်၁၁နာရီအထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ယခုကဲ့သို့ အဆင့်မြှင့်တင်နေစဉ် ကာလအတွင်း KBZ Bank၏ ဝန်ဆောင်မှုများအနက်မှ အွန်လိုင်းဘဏ် ဝန်ဆောင်မှုများ (iBankingနှင့်mBanking)၊ Debitနှင့် Credit Cardဝန်ဆောင်မှုများ၊ အချို့သော ATMစက်များနှင့် KBZ Pay ဝန်ဆောင်များကို ယာယီအသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပြီး ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက သုံးစွဲသူများကို အချိန်နှင့်တပြေးညီ အသိပေးသွားမယ်လို့ သိရှိရပါတယ်။
အထူးသတိပြုရန်မှာ ဘဏ်ဝန်ထမ်းများအနေဖြင့် ယခုစနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး သုံးစွဲသူများ၏ အချက်အလက်များကို ဆက်သွယ်တောင်းဆိုခြင်း ပြုမှာမဟုတ်ကြောင်း၊ မသမာသူများမှ KBZ Pay OTP တောင်းဆိုခြင်း၊ Passwordတောင်းဆိုခြင်းနှင့် အခြားကိုယ်ရေးအချက်အလက် တောင်းဆိုခြင်းများ ရှိလာပါက သတိပြုရှောင်ရှားရန်လည်း KBZဘဏ်မှ ကြိုတင်အသိပေးထားပါတယ်။
ယခု Core Bankingစနစ် အဆင့်မြှင့်တင်ခြင်းကြောင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေပြီး သုံးစွဲသူများ၏ ဘဏ်ဝန်ဆောင်မှု အသုံးပြုခြင်း အတွေ့အကြုံကို တိုးတက်မြင့်မားလာစေရန် အထောက်အကူပြုမှာ ဖြစ်ကြောင်းလည်း KBZမှ ဆိုထားပါတယ်။