EV ကား Brand မျိုးစုံ ပြသ ရောင်းချမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး EV Mall နေပြည်တော်မှာ ဖွင့်လှစ်
နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်မှာ တည်ရှိတဲ့ Sinma Living Mallမှာ EVကား Brandမျိုးစုံ ပြသရောင်းချမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး EV Mallကို ဖွင့်လှစ်လိုက်တယ်လို့ သိရှိရပါတယ်။
အဆိုပါEV Mallကို ဧပြီ၁ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး နေပြည်တော်မှာ ပထမဆုံးဖွင့်လှစ်ခဲ့တာ ဖြစ်ကာ လတ်တလောတော့ အခြားမည်သည့် နေရာမှာမှ ဖွင့်လှစ်ခြင်းမရှိသေးဘူးလို့ EVကား အရောင်းပြခန်းရဲ့ နေပြည်တော် တာဝန်ခံက MFNသို့ ပြောပါတယ်။
EV Mall နေပြည်တော်တာဝန်ခံနှင့် Sale Admin ဦးအောင်မျိုးသူက“ကျွန်တော်တို့ ဧပြီ၁ရက်နေ့က ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ EV Car Brand ၅မျိုးကို ပြသထားတယ်။ BYD၊ NATA၊MG၊ Karry EV လုပ်ငန်းသုံး EVကားတွေနဲ့ Dongfeng အမျိုးအစား EVကားတွေကို ပြထားပါတယ်။ ဒီမှာရောင်းလဲ ရောင်းမှာပါ။ ကုမ္ပဏီအလိုက်ပေါ့။ သူတို့ကားတွေကို လာထားပြီး ပြသရောင်းချတာ ဖြစ်ပါတယ်။ လက်ရှိစုစုပေါင်း ကား၁၁စီး ပြထားတယ်။ နောက်ထပ်အစီး ၃၀လောက် ထပ်ရောက်ဖို့လည်း ရှိပါတယ်”လို့ MFNရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။
နေပြည်တော်အတွင်းမှာ EV Charging Stationတွေအနေနဲ့ ၇နေရာ တည်ဆောက်နေတာဖြစ်ပြီး ပြီးစီးမှုအနေနဲ့ သပြေကုန်းဈေးအနီးက Charging Stationနှင့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အနီးမှ Charging Stationများ အသုံးပြုလို့ရနေပြီဖြစ်ကာ ကျန်နေရာများကတော့ တည်ဆောက်ဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။