ကိုရီးယားသွားမယ့် လုပ်သားများထံမှ တားမြစ်စားသောက်ကုန်များလေဆိပ်၌ မကြာခဏသိမ်းဆည်းရမိခြင်းကြောင့် မြန်မာလုပ်သားဦးရေခွဲတမ်းရရှိမှုကိုထိခိုက်လာနိုင်
ကိုးရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားများထံမှ တားမြစ်စားသောက်ကုန် ပစ္စည်းများအား လေဆိပ်၌ မကြာခဏ သိမ်းဆည်းရမိခြင်းကြောင့် မြန်မာနိုင်ငံအတွက် လုပ်သားဦးရေ ခွဲတမ်းရရှိမှုကို ထိခိုက်လာနိုင်တယ်လို့ ကိုရီးယားလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုဌာန (HRD Korea)မှ အသိပေး ပြောကြားလာကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ အလုပ်သမား သံအရာရှိထံမှ သိရပါတယ်။
ကုန်ခဲ့တဲ့ မတ်လ၂၉ရက်နေ့က မြန်မာကနေ ကိုရီးယားကို ထွက်ခွာတဲ့ Re-entry လုပ်သားတွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တားမြစ်ပစ္စည်း အမျိုးအစားတွေဖြစ်တဲ့ ငါးသေတ္တာ၊ CPကြက်အူချောင်း၊ ဝက်အူချောင်း၊ ပေါက်စီ၊ ငါးခြောက်နဲ့ သရက်ကင်းအပြင် ကွမ်းရွက်စတဲ့ ပစ္စည်းများ သယ်ဆောင်လာခဲ့တာကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်မှာ စစ်ဆေးတွေ့ရှိခဲ့ရတာပါ။
ဒါကြောင့်မို့ လေဆိပ်မှာ ပစ္စည်းသိမ်းခံရခြင်း၊ ဒဏ်ငွေပေးဆောင်ရခြင်း၊ နိုင်ငံကူးလက်မှတ်ပါ မှတ်တမ်းထားရှိ ခံရခြင်း စတာတွေကို လုပ်ဆောင်ခံရတာမို့ တောင်ကိုရီးယားနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြမယ့် မြန်မာလုပ်သားတွေ အနေနဲ့ တားမြစ်ပစ္စည်းတွေကို မယူဆောင်ကြဖို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)က သတိပေးထားပါတယ်။
တားမြစ် စားသောက်ကုန် ပစ္စည်းများ သိမ်းဆည်းရမိပါက ပထမအကြိမ် ဝမ်၁၀သိန်း၊ ဒုတိယအကြိမ် ဝမ်၃၀သိန်း၊ တတိယအကြိမ် ဝမ်(၅၀)သိန်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ပြစ်ဒဏ်များချမှတ်ခြင်း ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
တားမြစ်ပစ္စည်းများနှင့် ပတ်သက်၍ POEAအနေဖြင့် လုပ်ငန်းခွင် အကြိုသင်တန်းတွင် လည်းကောင်း၊ လေဆိပ်မှ မထွက်ခင်တွင်လည်းကောင်း ကြိုတင်အသိပညာ ပေးလျက်ရှိသကဲ့သို့ အလုပ်သမား သံအရာရှိအနေဖြင့်လည်း အခါအားလျော်စွာ အသိပညာ ပေးလျက်ရှိနေပါတယ်။
နိုင်ငံအားလုံးသည် သက်ဆိုင်နိုင်ငံ၏ ဂေဟစနစ် မပျက်စီးစေရန်နှင့် အာဖရိက ဝက်တုပ်ကွေးရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့ ရောဂါသစ်/ ရောဂါဆန်းများ ဝင်ရောက်လာခြင်း မရှိစေရန် IPPC Conventionဖြင့် သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများဖြင့် သော်လည်းကောင်း ရောဂါပိုးမွှား ကင်းရှင်းကြောင်း စစ်ဆေးထားခြင်း မရှိသည့်အပင်၊ သစ်သီးနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား ကြီးကြပ်စစ်ဆေး၍ တားမြစ်ပိတ်ပင်လျက် ရှိကြောင်း သိရပါတယ်။
ဒီအပြင် တောင်ကိုရီးယားနိုင်ငံကို Re-entryအဖြစ် ပြန်လည်ဝင်ရောက်မယ့် လုပ်သားဟောင်းတွေ အနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး ၈လကျန်ရှိဖို့ လိုအပ်တာကြောင့် အချိန်မီနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုး ဆောင်ရွက်ထားရှိဖို့နဲ့ POEAရုံးကို စောစီးစွာ သတင်းပေးပို့ကြဖို့လည်း အသိပေးထားပါသေးတယ်။
လက်ရှိမှာ EPSစနစ်နဲ့ မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားဦးရေဟာ ၃၀၀၀၀ကျော်အထက်မှာ ရှိနေပြီး အခု၂၀၂၃ခုနှစ်မှာတော့ ကိုရီးယားနိုင်ငံက မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သားဦးရေ တစ်သိန်းတစ်သောင်းလောက်အထိ ခေါ်ယူသွားဖို့ ရှိနေတာမို့ သွားရောက်ခွင့်ရ လုပ်သားတွေအနေနဲ့ တားမြစ်ပစ္စည်းတွေနဲ့ တားမြစ်ချက်တွေကို အထူးဂရုစိုက်ဖို့ လိုတယ်လို့ POEAက သတိပေးထားတာပါ။