ယခုနှစ် သင်္ကြန်ပွဲတော် ဘယ်နေရာမှာ ဘာတွေ ပြင်ဆင်နေကြလဲ
ယခုနှစ်သင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံတစ်ဝှမ်းမြို့ကြီးများတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်နေပါတယ်။ နေပြည်တော်၌ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အပြင် လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်တို့တွင် သင်္ကြန်ပွဲများ ကျင်းပသွားမှာဖြစ်သလို မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားများကို ဧပြီ၁၃ရက် (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။
နေပြည်တော်နည်းတူ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင်လည်း မြို့တော်ဗဟိုမဏ္ဍပ်များ၊ စီးပွားရေးမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်နေရာများ ထည့်သွင်းထားသလို၊ ပဲခူးမြို့တွင်လည်း ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များ ပါဝင်သလိုလမ်းလျှောက်သင်္ကြန်အပြင် တိုင်းရင်းသားသင်္ကြန်များနှင့် စတုဒီသာကျွေးမွေးခြင်းတွေကိုပါ ထည့်သွင်းကျင်းပသွားဖို့ ပြင်ဆင်ထားတယ်လို့ တိုင်းဒေသကြီးအစိုးရမှ သိရှိရပါတယ်။
မကွေးတိုင်းဒေသကြီး အတွင်းမှာလည်း ရိုးရာသင်္ကြန်ကို ပျော်ရွှင်စွာကစားနိုင်ရန် မကွေးမြို့ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်းရှိ We Love Magwayအနီးတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ထားပြီး ယိမ်းအကဖျော်ဖြေပွဲတွေ၊ စတုဒီသာကျွေးမွေးခြင်းတွေ ပါဝင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မုံရွာမြို့ကန်သာယာ သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန် ထည့်သွင်းထားပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်စုစုပေါင်း (၂၀)ဦးဖိတ်ကြားထားကာ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမယ်လို့ သက်ဆိုင်ရာမှ ပြောဆိုထားပါတယ်။
ထိုသို့မဟာသင်္ကြန် ပွဲတော်အတွက် ပြင်ဆင်မှုများရှိနေသလို ပုဂ္ဂလိကကဏ္ဍတွင်လည်း မိမိတို့၏ ဖျော်ဖြေရေးနေရာများတွင် indoorသင်္ကြန်ပွဲတော် ပုံစံမျိုးကဲ့သို့ အနုပညာရှင်များရဲ့ ဖျော်ဖြေမှုများ၊ ခေတ်ပေါ်Djနှင့် EDM Music ပွဲတော်များကို သင်္ကြန်ပွဲနှင့် တွဲဖက်ကျင်းပရန် ပြင်ဆင်မှုများရှိနေပြီး ကြိုတင်လက်မှတ် ရောင်းချခြင်းတွေကိုလည်း ပြုလုပ်နေပါတယ်။
Djနှင့်EDM Musicပွဲတော်ကို သွားရောက်နေကြ လူငယ်တစ်ဦးက“အခုအချို့ day clubလိုဟာမျိုးတွေပေါ့။ အခုဆိုရင် သင်္ကြန်အတွက် indoorသင်္ကြန်ပွဲတွေလုပ်ဖို့ လက်မှတ်တွေ ရောင်းနေကြပြီ။ ကျွန်တော့်သူငယ်ချင်း တစ်ချို့တော့ ဝယ်ထားကြတယ်ပြောတယ်။ ကျွန်တော်ကတော့ စုံစမ်းတုန်းပေါ့။ ဈေးလည်းအရမ်းမများ၊ အေးအေးဆေးဆေးလည်း chillလို့ရမယ့် နေရာမျိုးကိုပေါ့။ indoorပွဲတော်လုပ်မယ့် အဲ့လိုနေရာတွေကလည်း အများကြီးပဲရှိလို့ သွားနေကြလူတွေကတော့ ကိုယ်ကြိုက်တဲ့နေရာ ကိုယ်သွားကြမှာပါပဲ”လို့ သူ့အမြင်ကို MFNကို ပြောပါတယ်။
ရန်ကုန်မြို့က လူကြီး၊လူငယ်မရွေး ကြိုက်နှစ်သက်နာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်တဲ့ Yangon Waterboomကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကာ ဧပြီ၈ရက်မှ၁၇ရက်နေ့အထိ သင်္ကြန်တွင်းဖွင့်ရက်တွေလည်း ဆက်တိုက်ရှိလို့ အတွေ့အကြုံအသစ်များနဲ့ ထိတွေ့ခံစားဖို့ လာရောက်ရန်လည်း ကြေညာထားပါတယ်။