> 首页 > MFN

လားရှိုး ရန်တိုင်းအောင် ဘုရားအနီး ဗုံးများပေါက်ကွဲပြီး လက်ရှိအချိန်အထိ ၆ ဦး သေဆုံး

ရှမ်းပြည်နယ် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားဝင်းအနီးရှိ ရေကစားမဏ္ဍပ်အနီးတွင် ယနေ့(ဧပြီ၁၃)ရက် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် ဗုံး၃လုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံလူမှုကူညီရေး အသင်းအချို့ထံမှ သိရှိရပါတယ်။

ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက“ကျွန်တော်ကတော့ ခရီးတစ်ခုရောက်နေတာ၊ ဒါပေမယ့် ကျွန်တော့်အသင်းက ကလေးတွေ လှမ်းသတင်းပို့ချက်အရ စဖြစ်ဖြစ်ခြင်း ၄ဦးသေသွားတယ်။ ၈ဦးဒဏ်ရာရတယ်။ အဲ့ဒီ၈ဦးထဲက ပြင်းထန်ဒဏ်ရာရ၄ဦးရှိခဲ့ပြီး ၂ဦးထပ်သေတယ်လို့ သတင်းပို့တယ်။ နောက်ဆုံးသတင်း ပို့ချက်အရပေါ့”လို့ MFNရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ပြောပါတယ်။

ဒဏ်ရာရတဲ့အထဲ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရှိရကာ နောက်ထပ်ဒဏ်ရာရရှိသူတွေလည်း ရှိနိုင်တာကြောင့် အသေးစိတ်တော့ မသိရသေးဘူးလို့လည်း ရွှေလှိုင်မေတ္တာ လူမှုကူညီရေးအသင်း (လားရှိုးမြို့)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ တာဝန်ရှိသူက“ကျွန်တော်တို့ အသင်းရောက်သွားချိန်မှာတော့ မှီတော့မမှီတော့ဘူး။ အနီးနားက ပြည်သူတွေရဲ့ ကားတွေနဲ့ တင်သွားတာတွေလည်းရှိတယ်။ ဒဏ်ရာရသူများတော့ အသေးစိတ်ကိုတော့ မသိရသေးဘူး”လို့ MFNရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြောပါတယ်။

ရန်တိုင်းအောင် ဘုရားဝင်းအောက်ဘက်ရှိ သင်္ကြန်မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ သိရှိရပြီး ကားနှင့်ဆိုင်ကယ် အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: