> 首页 > MFN

သင်္ကြန်ကာလအလှူစားသောက်ကုန်များအဝယ်အေးပေမယ့် ဈေးတက်နေ

မြန်မာ့ရိုးရာ အတာသင်္ကြန်ရောက်ပြီဆိုတာနဲ့ အလှူဒါနပြုလုပ်မှုတွေကလည်း တစ်ဆက်တည်း ပါလာတာကြောင့် သင်္ကြန်အလှူ စားသောက်ကုန်များမှာ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှု ရှိနေတယ်လို့ လှိုင်သာယာမြို့နယ် ကုန်ခြောက်နှင့် စားသောက်ကုန်လက်ကား ရောင်းဝယ်ရေး ကုန်စုံဆိုင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

အဲလိုဈေးမြင့်တက်နေတဲ့ စားသောက်ကုန်တွေကတော့ သင်္ကြန်ရက်တွေအတွင်း အများဆုံးဝယ်ယူ အလှူဒါနပြုကြတဲ့ စားသောက်ကုန် အများစုဖြစ်တဲ့ ဆန်၊ ကောက်ညှင်းမှုန့်၊ ငါးခြောက်၊ သာကူစေ့၊ အုန်းသီး၊ သကြားနဲ့ ထန်းလျက်စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။ သို့ပေမယ့် ပြည်သူတွေရဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အလှူဒါန ပြုလုပ်သူနည်းပါးကာ အရောင်းအဝယ် အေးနေတယ်လို့ လှိုင်သာယာမြို့နယ် ကုန်ခြောက်နှင့် စားသောက်ကုန်နှင့် ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက MFNမေးမြန်းတာကို ဖြေကြားပါတယ်။

"ဒီနှစ်သင်္ကြန်မှာ ဝယ်လက်အေးတယ်။ သိပ်မရှိကြဘူး။ လူတွေက မလှူနိုင်ကြတော့ဘူး။ အဓိက လူတိုင်းစီးပွားရေး ကျပ်တည်းနေတာကြောင့်လို့ ထင်တယ်။ ဈေးနှုန်းတွေကတော့ အတက်ကြီးပဲ။ သင်္ကြန်ကာလလည်း ဖြစ်တယ်။ ကုန်စည်ပို့ဆောင်မှုတွေမှာ ပိတ်ရက်ရှည်ဖြစ်လို့ ကုန်စည်မရတာတွေကြောင့် ဈေးနှုန်းမြင့်လာတာတွေလည်း ပါတယ်။ ရှိတဲ့ကုန်ခြောက် စားသောက်ကုန်တွေကိုပဲ သင်္ကြန်ရက်တွေမှာ ရောင်းချနေရတာ။ ကျွန်တော်တို့ သင်္ကြန်ပြီးလို့ ပြန်ဝယ်တဲ့အခါ ဒိုင်တွေဆီမှာ ဈေးကပြန်ပြီးအမြင့်နဲ့ ပေးဝယ်ရတယ်။ ဈေးနှုန်းက အတက်အကျ ပြောင်းနေတဲ့အတွက် မတည်ငြိမ်ပြန်ဘူး"လို့ ၎င်းကမှတ်ချက်ပြု ဖြေကြားပါတယ်။

သင်္ကြန်ကာလမှာ လူအများအလှူဒါန ပြုလုပ်လေ့ရှိတဲ့ မုန့်လုံးရေပေါ်အတွက် အသုံးပြုသော ယိုးဒယားကောက်ညှင်းမှုန့် ၄လုံးဝင်တစ်ထုပ်ကို ယခင်နှစ်မှာ ၂၉၀၀ကျပ်ကနေ ယခု၃၃၀၀ကျပ်ထိရှိကြောင်း၊ သာကူဈေးကွက်မှာ ယခင်၁ပိဿာကို ၈၀၀၀ကျပ်ကနေ ယခု၁၂၀၀၀ကျပ်အထိ ဈေးရှိနေပါတယ်။

ဒါ့အပြင် သကြားညိုတစ်ပိဿာကို ယခင်နှစ်မှာ ငွေကျပ်၂၀၀၀ရှိရာက ယခုအခါမှာ ၃၆၀၀ကျပ်ထိရှိကြောင်း၊ ထန်းလျက်တစ်ပိဿာကို ယခင်ငွေကျပ် ၃၀၀၀ကနေ ယခု၅၀၀၀၊ ၆၀၀၀ကျပ်ထိ ဈေးရှိနေပြီး အုန်းသီးဈေးနှုန်းမှာလည်း ယခင်၁၀လုံးဈေးမှာ ၉၀၀၀ကျပ်သာ ရှိနေရာက ယခုနှစ်မှာတော့ ၁၃၀၀၀ကျပ်အထိကို ဈေးရှိနေတယ်လို့ သိရပါတယ်။ သင်္ကြန်ရက် နီးကပ်လာတာနဲ့အမျှ စားသောက်ကုန်ဈေးနှုန်းဟာ ဈေးအမြင့်တွေနဲ့သာ ရှိနေမှာဖြစ်တယ်လို့ လက်လီဈေးဆိုင်ကြီးတွေမှ ဆိုထားကြပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: