> 首页 > MFN

နေပြည်တော်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် (၆) ဦး သေဆုံး၊ (၁၀၉) ဦး ဒဏ်ရာရကာ အိမ် (၂၃၀) ကျော် ပျက်စီး

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ၂၁ရက်နေ့ညနေ၆နာရီ ၄၅မိနစ်အချိန်ခန့်က လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် လူ(၆)ဦးသေဆုံးကာ (၁၀၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ(၂၃၂)လုံးခန့် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရှိရပါတယ်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာ တစ်ဝက်ခန့်လူနေအိမ် အဆောက်အဦများ ပြိုကျပျက်စီးခဲ့ပြီး အောင်မြင်ကုန်းကျေးရွာတွင် တစ်ရွာလုံးနီးပါး လူနေအိမ်အဆောက်အဦများ ပြိုကျပျက်စီးခဲ့ကာ မီးလောင်မှု ဖြစ်ပွါးခဲ့ကြောင်းလည်း သိရှိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် တံတားဦးကျေးရွာတွင် အိမ်ခြေ(၇၇)လုံးခန့်၊ အောင်မြင်ကုန်းကျေးရွာတွင်၊ အိမ်ခြေ(၁၅၅)လုံးခန့်၊ ပျက်စီးဆုံးရှုံးခဲ့ပြီး၊ တံတားဦးကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး၊ စိုးရိမ်ရ(၁၆)ဦး၊ သေဆုံးမ(၂)ဦးနှင့် အောင်မြင်ကုန်း ကျေးရွာမှထိခိုက်ဒဏ်ရာရရှိသူ (၆၁)ဦး၊ သေဆုံးကျား(၂)ဦး၊ မ(၂)ဦး၊ စုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ (၁၀၉)ဦး၊ သေဆုံး(၆)ဦးရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရှိရပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးများ၊ ကူညီသယ်ယူရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို လယ်ဝေးမြို့နယ် ကုတင်(၁၀၀)ဆံ့ ဆေးရုံနှင့်ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀)ဆံ့ ဆေးရုံများသို့ လူမှုကူညီရေးအသင်းများနှင့် ချိတ်ဆက်၍ ပို့ဆောင်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက် ရှိတယ်လို့လည်း သိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: