အထွက်နှုန်းကျနေတဲ့အပြင် ကုန်သည်အချို့ရဲ့ သိုလှောင်မှုတွေရှိနေတာကြောင့် ဆန်ချော ဈေးနှုန်းဆက်တိုက်မြင့် တက်နေ
ပြည်တွင်းစပါးစိုက်ပျိုးနေမှုတွေမှာ အထွက်နှုန်းကျနေတဲ့အပြင် ကုန်သည်အချို့ရဲ့ သိုလှောင်မှုတွေရှိနေတာကြောင့် ဆန်ဈေးကွက်အပေါ်မှာ သက်ရောက်မှုတွေရှိနေပြီး ဆန်ချောဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့်တက်နေရတာ ဖြစ်တယ်လို့ စပါးစိုက်တောင်သူများနဲ့ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတို့ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
"စပါးအထွက်နှုန်းက တစ်ဧကဆိုရင်စပါးတင်း တစ်ရာကျော်လောက် ထွက်တဲ့ဟာက အခုဆိုရင် ရာသီဥတု၊ ရေမြေသဘာဝ အားနည်းလာလို့ စပါးတင်း၅၀ကျော်လောက်ပဲ ထွက်တယ်။ မြေရေကောင်းတဲ့ နေရာတွေမှာတောင် စပါးတင်း၈၀လောက်ပဲ ထွက်တယ်။ အထွက်နှုန်းတွေကျလာတယ်။ နောက်ပြီးသွင်းအားစု စရိတ်မြင့်တာနဲ့ ရိတ်သိမ်းစရိတ် ကြီးမြင့်တာတွေကြောင့်လည်းပါမယ်။ စပါးဈေးကတော့ တင်း၁၀၀ကို ငွေကျပ်၁၆သိန်းလောက်အထိ ပေါက်ဈေးတော့ရတယ်။ ဒါကရန်ကုန်ပေါက်ဈေးပါ။ စပါးပျမ်းမျှ တင်း၅၀ကို ကြိတ်ခွဲတဲ့အခါမှာလည်း စပါးကောင်းရင် ဆန်အဖြစ်၂၂တင်းလောက်သာရမယ်။ အဲဒီမှာအထွက်နှုန်းကလည်း ကျတဲ့အပြင် စက်ပိုင်ကုန်သည်တွေရဲ့ သိုလှောင်မှုတွေလည်း ရှိနေမယ်။ ဒါကြောင့်လည်း ပြည်တွင်းဆန်ဈေးကွက်ပေါ်မှာ သက်ရောက်နေတာပါ"လို့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ဖြေကြားပါတယ်။
စပါးအထွက်နှုန်း ကျဆင်းမှုတွေဟာ ရန်ကုန်အပါအဝင် ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူးစတဲ့တိုင်းဒေကြီးတွေမှာ အများဆုံးကြုံတွေ့နေရတာ ဖြစ်တယ်လို့ စပါးစိုက်တောင်သူများထံမှ သိရပါတယ်။ ယင်းအခြေအနေကြောင့် ပြည်တွင်းဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းနဲ့ ကြားပျံပေါ်ဆန်းဈေးကွက်ဟာ သင်္ကြန်မတိုင်ခင်မှာ ဈေးနှုန်းတည်ငြိမ်နေရာကနေ သင်္ကြန်ကာလနဲ့ သင်္ကြန်ကာလပြီးနောက်ပိုင်းတွေမှာ ဆက်တက်ဆိုသလို မြင့်တက်လာတယ်လို့ ဆန်လက္ကားရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက အခုလိုဆိုပါတယ်။
"အများဆုံးစားသုံးတာက ကြားပျံပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတွေဖြစ်တယ်။ သင်္ကြန်မတိုင်ခင်မှာ ကြားပျံ၂၄ပြည်ဝင် တစ်အိတ်ကိုငွေကျပ် ၇၀,၀၀၀ပဲရှိတယ်။ သင်္ကြန်ကာလထဲမှာ ငွေကျပ်၃၀၀၀လောက် တက်သွားတယ်။ သင်္ကြန်လည်းပြီးရော ကျပ်၇၆၀၀၀ဖြစ်သွားတယ်။ ရွှေဘိုပေါ်ဆန်းကျတော့ ဆန်သစ်က၂၄ပြည်ဝင် တစ်အိတ်ကို သင်္ကြန်မတိုင်ခင်မှာ ငွေကျပ်၈၆,၄၀၀ပဲရှိတယ်။ သင်္ကြန်ကာလမှာ ကျပ်၄၈၀၀လောက်တက်သွားတယ်။ သင်္ကြန်လည်း ပြီးရောတစ်အိတ်ကို ၉၆,၀၀၀ဖြစ်သွားတယ်။ ရွှေဘိုပေါ်ဆန်းရှယ်ဆိုရင် ၁၂၀,၀၀၀လောက်အထိကို ဖြစ်သွားတယ်။ အခုဟာက ရင်းနှီးရောင်းဝယ်နေရတာက အမြတ်မရှိဘူးဖြစ်နေတယ်။ ဈေးတက်ရင် ထည့်စိုက်လိုက်နဲ့ ဆန်ချောဈေးက ထပ်ပြီးတက်ဖို့ပဲရှိတယ်။ အဓိကရန်ကုန်ကို အဝင်နည်းတာရယ်။ စပါးလက်ကျန်တောင်သူတွေမှာ မရှိဘဲ ကုန်သည်တွေဆီမှ ာစုပုံသိုလှောင်နေတာတွေကြောင့်လည်းပါမယ်"လို့ လှိုင်သာယာမြို့နယ်နေ ဆန်လက္ကားရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ရှိ ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များရဲ့ ပြောပြချက်အရလည်း ဆန်နှင့်ဆန်ကွဲ ရန်ကုန်သို့ဝင်ရောက်မှုဟာ နေ့စဉ်အိတ်ရေ၅၀,၀၀၀ဝန်းကျင် ဝင်ရောက်နေရာမှ ၃၀,၀၀၀ကျော်သာ ဝင်ရောက်ခဲ့တဲ့အတွက် ပုံမှန်ဝင်ရောက်မှုထက် အိတ်ရေ၁၅,၀၀၀ခန့် လျော့ကျခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒီလိုလျော့ကျခဲ့တဲ့အပြင် ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတတဲ့အတွက် ဆန်ချောဈေးကွက်ဟာ မြင့်တက်နေတာဖြစ်တယ်လို့ ဆန်ကုန်သည်ဦးကျော်ကြီးမှ ပြောကြားထားပါတယ်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကတော့ ဆန်ဈေးတက်အောင် လုပ်နေသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ထုတ်ပြန်ထားရှိပါတယ်။ ဒါအပြင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်နဲ့ ဝယ်ယူလိုတဲ့ အဖွဲ့အစည်းတွေ၊ အိမ်ထောင်စုတွေကလည်း အသင်းချုပ်ထံ ဆက်သွယ်ဝယ်ယူ နိုင်တယ်ဆိုပါတယ်။