ဧပြီလကုန်ပြီးမှ ရန်ကုန်မှာ မိုးရွာမယ်လို့ မိုး/ဇလ ဆို
ဧပြီလကုန်မှ မေလပထမအပတ်အတွင်း နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ မိုးထစ်ချုန်းရွာနိုင်မယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်မှုအရ သိရှိရပါတယ်။
မိုး/ဇလရဲ့ ဧပြီ၂၆ရက်နေ့ညနေ တိုင်းထွာချက်တွေအရ ဧပြီ၃၀ရက်မှ မေလ၃ရက်အတွင်း အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်း နိုင်ငံတဝှမ်းလုံး နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့် အတူလေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ ဖြစ်စဉ်များဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ရန်လည်း မိုး/ဇလအကြံပြု ထုတ်ပြန်ထားပါတယ်။
အပူချိန်၄၀ဒီဂရီ စင်တီဂရိတ်ကျော်အထိ ဖြစ်နေတဲ့ရန်ကုန်မြို့၌ မေလဆန်းပိုင်းမှာ မိုးပါးပါးလေးရွာမှာ ဖြစ်တယ်လို့ ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)က ခန့်မှန်းထားပါတယ်။
ဦးဝေဖြိုးဟန်က "ရန်ကုန်တိုင်းဒေသကြီးက ယခုလကုန်အထိတော့ မိုးမရွာနိုင်သေးပဲ ပူမြဲပူနေအုံးမှာဖြစ်ပါတယ်။ ဒီလကုန်မေလ၂ရက်နေ့ မွန်းလွဲညနေပိုင်းအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးမှာ တိမ်ထူထပ်လာနိုင်ပါတယ်။ ၃ရက်နေ့လောက်မှာတော့ တိုင်းဒေသကြီးတစ်ခုလုံးနီးပါး အပူသက်သာစေမည့် မိုးလေးတွေပါးပါးလေး လာတော့မှာဖြစ်ပါတယ်”လို့ ဆိုထားပါတယ်။
လက်ရှိ ရန်ကုန်မြို့နေပြည်သူများဟာ တနေ့တခြား နေအပူချိန်မြင့်လာတာအပြင် မီးပျက်ချိန်များတာကြောင့်လည်း အပူဒဏ်ကိုအံတုဖို့ ခက်ခဲနေကာမိုးကို မျှော်ကြနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက“အခုမီးကလာမယ့်အချိန်ကိုတော့ ဖျတ်ခနဲလာလိုက်တယ်။ လာပြီး ၁၀မိနစ်နေရင် ပြန်ပျက်သွားပြန်ရော။ တစ်ခါတစ်လေညအထိ ပျက်ပြန်ရော။ အခုကအပူချိန် မြင့်လာတာဘယ်လောက်တောင် သိသာလဲဆိုရင် အရင်ဆို ညနေ၅နာရီ၊ ၆နာရီမှရေချိုးတယ်ဆိုရင် ရေကအေးသွားဖို့ အဆင်ပြေပြီ။ အခုဆိုည၁၀နာရီအထိ ရေတွေကပူနေတုန်းပဲ။ ခေါင်မိုးကရေတိုင်ကီ ဘယ်လောက်တောင်ပူနေလဲ စဉ်းစားကြည့်တော့။ ညဖက်မီးပျက်တဲ့ နေ့တွေဆိုရင် ခေါင်မိုးထပ်ပေါ်မှာ ဖျာခင်းတာတောင်မရတော့ဘူး အောက်ကကောဇောကို အရင်ခင်း၊ သူ့အပေါ်မှာဖျာထပ်ခင်း၊ အဲ့လိုမှအိပ်လို့ရတယ်။ အောက်ကကြွေပြားတွေက ပူနေတာဆိုတာ ည၁၀နာရီ တစ်ခါတစ်လေ ၁၂နာရီလောက်မှ အေးသွားတာ။ ဒါကြောင့်မိုးကို မျှော်နေပါတယ်”လို့ သူ့အတွေ့အကြုံကို MFNသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ခုနှစ်တွေမှာတော့ လာနီညာဖြစ်နေတဲ့ အရှိန်နဲ့ မုန်တိုင်းတွေ၊ လေပွေလှိုင်းတွေကလဲ မတ်လထဲမှာကို တစ်ခုပြီးတစ်ခု အစီအရီတွေဖြစ်ကာ မိုးများတဲ့နေရာတွေများ၊ မရွာတဲ့နေရာတွေ မရွာပေမယ့်နွေအပူက အတန်အသင့် လျော့သွားခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်ဧပြီ၂၆ရက်နေ့ Accuweatherရဲ့ weather radar imageတွေအရ မွန်၊ကရင်၊တနင်္သာရီတိုင်းတွေမှာ မိုးတိမ်တောင်တွေဖြစ်ပြီး မိုးရွာနိုင်မယ့် အခြေအနေတွေရှိနေပေမယ့် ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အဲ့ဒီလိုအခြေအနေတွေ မဖြစ်သေးကြောင်း မိုး/ဇလပညာရှင် အချို့က ဆိုနေပါတယ်။