ရခိုင်မှာ ဆားထုတ်လုပ်တောင်သူများကို အစုအဖွဲ့ ပုံစံနဲ့ ငွေကျပ် သိန်း ၁၀,၀၀၀ ထုတ်ချေးမယ်
ရခိုင်ပြည်နယ်ရှိ ဆားထုတ်လုပ်တောင်သူများကို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထဲမှအစုအဖွဲ့ပုံစံနဲ့ ငွေကျပ်သိန်း၁၀,၀၀၀ ထုတ်ချေးပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှသိရပါတယ်။
ရခိုင်ပြည်နယ်ရှိ ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီး ဆားထုတ်လုပ်တဲ့ မြို့နယ်အများစုကို ယခုမေလအတွင်းမှာ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ဆိုထားပါတယ်။
"ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တောမြို့နယ်တွေက ဆားတောင်သူတွေကို မေလလယ်လောက်မှာ ထုတ်ချေးပေးသွားမှာပါ။ ထုတ်ချေးမယ့် ပမာဏနဲ့ ဦးရေကိုတော့ စာရင်းပြုစုနေတုန်းပါ"လို့ ၎င်းက ပြောကြားထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်လိုအားများတဲ့အတွက် ဒေသတွင်း ဆားလုပ်ငန်း လုပ်ကိုင်သူဦးရေ ၅၀ရာခိုင်နှုန်းခန့် တိုးလာတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နေလှန်းဆားလုပ်ငန်းတွေကို ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြားနဲ့ ရမ်းဗြဲမြို့နယ်တို့မှာ ဇန်နဝါရီလကနေ ဧပြီလထိ လုပ်ကိုင်လေ့ရှိတယ်လို့ သိရပါတယ်။
ကုန်ခဲ့တဲ့ ၂၀၂၂ခုနှစ် ဩဂုတ်လတတိယအပတ်အတွင်းက နစကမှ လယ်ယာစီးပွားမြှင့်တင်ရေးနဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီး အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရဲ့ စီးပွားရေးမြှင့်တင့်ဖို့ဆိုကာ စီမံခန့်ခွဲမှုရန်ပုံငွေ ကျပ်ဘီလီယံ၄၀၀ကို သီးသန့်ရန်ပုံငွေအဖြစ် ထူထောင်ထားပါတယ်။
ယင်းရန်ပုံငွေကို ခွဲဝေဖြန့်ဖြူးရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ ကျပ်၁၇၀ဘီလီယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ ကျပ်၆၀ဘီလီယံ၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တို့ထံ ကျပ်၁၀ဘီလီယံ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ထံ ငွေကျပ်၈ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီကို ကျပ်၅ဘီလီယံ အသီးသီးခွဲဝေ ဆောင်ရွက်ထားပြီး ကျန်ငွေကိုတော့ အခြားလုပ်ငန်းများမှာ လုပ်ဆောင်ဖို့အတွက်လို့ သိရပါတယ်။