၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ နိုင်ငံတကာ အကြံပေးပညာရှင် ခေါ်ယူနေ
၂၀၂၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့အတွက် နိုင်ငံတကာအကြံပေး ပညာရှင်ကို ခေါ်ယူကမ်းလှမ်းနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၄ခုနှစ်ရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို Mobile Tabletဖြင့် စာရင်းကောက်ယူနိုင်ဖို့အတွက် Software ရေးသားခြင်းနှင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူတဲ့စနစ် (Computer Assisted Personal Interviewing–CAPI) စနစ်တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီအတွက် နိုင်ငံတကာအကြံပေးပညာရှင်မှ လုပ်ငန်းဆောင်ရွက်မည့် အသေးစိတ်အစီအမံ ရေးဆွဲပေးတာ၊ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များပံ့ပိုးတာ၊ သင်တန်းပို့ချတာ၊ Programများ ရေးသားတာနဲ့ စနစ်တည်ဆောက်တာကို ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်သန်းခေါင်စာရင်း လုပ်ငန်းအတွေ့အကြုံရှိတဲ့ နိုင်ငံတကာ အကြံပေးပညာရှင်ကို စိစစ်အကဲဖြတ်ရွေးချယ် တာဝန်ပေးအပ်မှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ နိုင်ငံတကာ အကြံပေးပညာရှင်များကို ဖိတ်ခေါ်ထားတာပါ။
စိတ်ပါဝင်စားတဲ့ နိုင်ငံတကာအကြံပေး ပညာရှင်တွေအနေနဲ့လည်း www.dop.gov.mm ဝက်ဘ်ဆိုက်မှာ လုပ်ငန်းလမ်းညွှန်ချက်များကို မေ၅ရက်မှမေလကုန်၃၁ရက်အထိ ရယူနိုင်ပြီး အဆိုပြုလွှာများကို နေပြည်တော် ရုံးအမှတ်(၄၈)ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနသို့ လူကိုယ်တိုင် ဒါမှမဟုတ် emailဖြင့် pop.dept.mm@gmail.com မှတစ်ဆင့် မေလ၃၁ရက်နောက်ဆုံးထားကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကို လာမယ့်၂၀၂၄ခုနှစ် အောက်တိုဘာ၁ရက်မှ စတင်ကောက်ယူသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ခုဖြစ်တဲ့ Geographic Information System(GIS) နည်းပညာသုံးကာ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာတည်နေရာ Pointများ ကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၄ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ မေ၂ရက်ကပြုလုပ်တဲ့ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း စီမံချက်အားတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ ရှင်းလင်းဆွေးနွေးပွဲမှာ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ နစကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်က ပြောကြားခဲ့ပါတယ်။