တစ်နှစ်ကို EV ယာဉ်အစီးရေ ၁၀,၀၀၀ ခန့်သာရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုပေးမယ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်နှစ်ကို လျှပ်စစ်သုံးယာဉ် (EV)အစီးရေ ၁၀,၀၀၀ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုပေးသွားမှာဖြစ်ကာ ရန်ကုန်လိပ်စာနဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ်ပုံစံ(ဃ)တင်ပြရန် လိုအပ်ပြီး ပဲခူးတိုင်းလိုင်စင်အတွက်တော့ ပဲခူးမှာအမှန်တကယ် နေထိုင်မှုရှိရန်သာလိုအပ်၍ ပုံစံ(ဃ)စလစ် မလိုအပ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာခြည်လင်းက ပြောကြားပါတယ်။
အဆိုပါ လျှပ်စစ်သုံးယာဉ်(EV)တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ခွင့်ပြုနိုင်မှု အပေါ်မူတည်ပြီးတော့ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လိုင်စင်နဲ့ မှတ်ပုံတင်မယ့် ယာဉ်တွေ ယာဉ်အိုယာဉ်ဟောင်း ပုံစံ(ဃ)စလစ်တင်ပြဖို့ လိုအပ်တာကလည်း ၂၀၁၈ခုနှစ်ကတည်းက ကျင့်သုံးခဲ့တဲ့ လုပ်ငန်းစဉ်အတိုင်း မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
"ရန်ကုန်နံပါတ်နဲ့ မှတ်ပုံတင်မယ်ဆိုရင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ်ပုံစံ(ဃ) တင်ပြသွားဖို့လိုပါတယ်။ အခု၂၀၂၃ခုနှစ် ပိုက်လော့ပရောဂျက် ကာလမှာ EV Taxiယာဉ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၃နေရာမှာ အစီးရေခွဲပြီး မှတ်ပုံတင်ခွင့်ပြုထားပါတယ်။ ရန်ကုန်မြို့တော်အတွင်းမှာ Taxiဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့ တင်သွင်းခွင့်ပြုထားတဲ့ EV Taxiယာဉ်တွေကိုတော့ ပုံစံ(ဃ)စလစ်မလိုအပ်ဘဲ ရန်ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အခြားမန္တလေး၊ နေပြည်တော်တို့မှာ Taxiလုပ်ငန်း ဆောင်ရွက်မယ့် EVယာဉ်တွေကို သက်ဆိုင်ရာ မန္တလေး၊ နေပြည်တော်တို့မှာ မှတ်ပုံတင်ခွင့်ရမှာ ဖြစ်ပါတယ်"လို့ ဒေါ်ခိုင်ဇာခြည်လင်းက ပြောကြားထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီတွေက ပြန်လည်ရောင်းချဖို့ တင်သွင်းလာတဲ့ EVတက္ကစီယာဉ်တွေ၊ EVကိုယ်ပိုင်ယာဉ်တွေ၊ EVခရီးသည် တင်ယာဉ်တွေနဲ့ EVသယ်ယူပို့ဆောင်ရေး ယာဉ်တွေအတွက် ပုံစံ(ဃ)စလစ်တင်ပြမှသာ ရန်ကုန်လိုင်စင် ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်း၌ ၂၀၅၀ပြည့်နှစ်မှာ လျှပ်စစ်သုံးယာဉ် အသုံးပြုမှု၁၀၀ရာခိုင်နှုန်း ဖြစ်စေရေးအတွက် လောင်စာဆီသုံးယာဉ်တစ်စီး အပ်နှံပြီးတော့ ရန်ကုန်လိုင်စင် EVယာဉ်တစ်စီးအစားထိုး မှတ်ပုံတင်ပေးမှသာ မျှော်မှန်းချက် အောင်မြင်နိုင်မှာ ဖြစ်တယ်လို့လည်း ဒေါ်ခိုင်ဇာခြည်လင်းက ဆိုထားခဲ့ပါတယ်။
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မှတ်ပုံတင်ထားတဲ့ ယာဉ်တွေရဲ့အမည်၊ နေရပ်လိပ်စာ မှန်ကန်စေရေးအတွက် ရန်ကုန်တိုင်းအတွင်းမှာ အမှန်တကယ် နေထိုင်သူတွေက EVယာဉ်တွေကို စလစ်ပုံစံ(ဃ)မတင်ပြဘဲနဲ့ ရန်ကုန်လိပ်စာဖြင့် မှတ်ပုံတင် ဆောင်ရွက်လိုပါက ဆောင်ရွက်ပေးမှာဖြစ်ပေမယ့် မှတ်ပုံတင်ရုံးအနေနဲ့ ရန်ကုန်မှတ်ပုံတင်ရုံးများနဲ့ ပဲခူးမှတ်ပုံတင်ရုံးတို့မှအပ ပိုင်ရှင်ဆန္ဒပြုတဲ့ ရုံးတွေမှာ အထောက်အထား တောင်းခံခြင်းမပြုဘဲ မှတ်ပုံတင်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။