အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု(က) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၅-၁ဂိုးဖြင့် အနိုင်ရကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အုပ်စု(က)တွင် ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်များအားလုံး ယှဉ်ပြိုင်ပြီးချိန်တွင် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့ ရမှတ်(၆)မှတ်စီ တူညီခဲ့ကြပြီး ဂိုးကွာခြားချက်အရ ဗီယက်နမ်အသင်းက ဂိုးကွာခြားချက် +၄ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ဂိုးကွာခြားချက် +၃ဖြင့် အုပ်စုဒုတိယနေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နည်းပြချုပ် Uki Tetsuroက "တကယ်ကို ခက်ခဲတဲ့ အုပ်စုပွဲစဉ်တွေ ဖြစ်ခဲ့ပေမယ့် ကစားသမားတွေ အကောင်းဆုံးကျော်ဖြတ်ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ နောက်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပြီး အနိုင်ရလဒ် ရရှိအောင် ကစားသမား၊ နည်းပြအဖွဲ့တွေနဲ့ အတူတူကြိုးစားသွားပါမယ်။ ဒီနိုင်ပွဲရဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပွဲအပြီးတွင် ပြောဆိုခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အုပ်စု(က)ပထမရရှိသည့် ဗီယက်နမ်အသင်းနှင့် အုပ်စု(ခ)ဒုတိယရရှိသည့် အသင်း၊ အုပ်စု(ခ)ပထမရရှိသည့် အသင်းနှင့် အုပ်စု(က) ဒုတိယရရှိသည့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို National Stadiumနှင့် Army Stadiumတို့တွင် မေလ၁၂ရက် ည၇နာရီအချိန် တပြိုင်နက်တည်း ယှဉ်ပြိုင်ကစားမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရှိရပါတယ်။