> 首页 > MFN

ငပလီကမ်းခြေသို့ လေကြောင်းဖြင့် လာရောက်သူများကို မုန်တိုင်းပြီးချိန်အထိ ဆက်လက်နားခိုနိုင်ရန် ဟိုတယ်နှင့် တည်းခိုခန်းများအား ကြိုတင်ပြင်ဆင်ခိုင်းထား

လက်ရှိဆိုင်ကလုန်း မုန်တိုင်းအခြေအနေကြောင့် ရခိုင်ပြည်နယ်ရှိ အပန်းဖြေခရီးသွားအများဆုံး ဝင်ရောက်ရာ ငပလီကမ်းခြေသို့ လေကြောင်းလိုင်းခရီးစဉ်များ ရပ်နားထားချိန် လေကြောင်းဖြင့် လာရောက်သူများ မုန်တိုင်းငြိမ်သက်သည့်နေ့အထိ ဆက်လက်နားခိုနိုင်ရန် ဟိုတယ်နှင့် တည်းခိုခန်းများက ဝန်ဆောင်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတယ်လို့ ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ ရခိုင်ပြည်နယ်တွင် ဟိုတယ်နှင့်တည်းခိုခန်းများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်အသိပေး ထုတ်ပြန်ထားပြီး အပန်းဖြေခရီးသွားများ အများဆုံးဝင်ရောက်ရာ ငပလီကမ်းခြေ၌ မေ၉ရက်မှ မုန်တိုင်းအန္တရာယ် ငြိမ်သက်သည့်နေ့အထိ မုန်တိုင်းကာလအဖြစ် သတ်မှတ်ထားသောကြောင့် လေကြောင်းလိုင်းများကို ရပ်နားထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရပါတယ်။

ဒါကြောင့် လေယာဉ်စီးခရီးသည်များ ဆက်လက်နားခိုနိုင်ရန် ဟိုတယ်နှင့်တည်းခိုခန်းများက ဆက်လက်ဝန်ဆောင်မှု ပေးထားပြီး သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်က“လေကြောင်းလိုင်းတွေ ပိတ်ထားတယ်ဆိုတော့ ပြန်မယ့်ခရီးသွားတွေ မပြန်နိုင်သူတွေလည်းရှိတယ်။ ကျန်ရှိတဲ့သူတွေကို ဟိုတယ်တွေက ထိန်းသိမ်းစောင့်ရှောက်ထားဖို့ မှာကြားထားတယ်။ ပင်လယ်ကမ်းခြေ ခရီးသွားတွေကို မေ၉ရက်ကစပြီး မုန်တိုင်းငြိမ်သက်ချိန်အထိ မုန်တိုင်းကာလအဖြစ် သတ်မှတ်ထားတာကြောင့် ခရီးသွားလာမှု ရပ်နားထားဖို့ တိုက်တွန်းထားတာရှိတယ်။ ဌာနအနေနဲ့ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင်ကြိုတင်ပြင်ဆင်ထားဖို့ ဝန်ထမ်းတွေကို လမ်းညွှန်ထားပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းခြေဟိုတယ်နှင့် တည်းခိုခန်းတွေကို မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်အသိပေးထားပါတယ်”လို့နိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောဆိုထားပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း၌လည်း ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်လျက်ရှိပြီး ပြည်သူနှင့်ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး လုံးဝသတိလက်လွတ်မနေကြရန်၊ သောက်ရေ၊ ဆေးဝါး၊ ကုန်ခြောက်အစားအစာနှင့် အခြားလိုအပ်သော ပစ္စည်းများကို ကြိုတင်စုဆောင်ထားရန်၊ ဟိုတယ်နှင့်တည်းခိုခန်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ဆောင်ရွက်ထားရန်နှင့် ဟိုတယ်များရှိ ခရီးသွားများကို ကာကွယ်စောင့်ရှောက်ရန် လမ်းညွှန်ထားတယ်လို့လည်း သိရှိရပါတယ်။

ရခိုင်ကမ်းခြေဒေသရှိ ဟိုတယ်၊ မိုတယ်/တည်းခိုခန်းများမှာ တည်းခိုသူနည်းပါးနေပြီး အချို့ဟိုတယ်များမှာ မိုးရာသီရောက်တော့မှာဖြစ်လို့ ယခုလ၁၅ရက်ခန့်တွင် ပိတ်ရန်ပြင်ဆင်နေမှုများလည်း ရှိကြောင်းဒေသခံမီဒီယာအချို့ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ယခုဖြစ်ပေါ်မယ့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် အန္တရာယ်အများဆုံးဇုန်အဖြစ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း မောင်တောခရိုင် (ဘူးသီးတောင်မြို့နယ်)၊ စစ်တွေခရိုင် (စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်)၊ ဒုတိယအန္တရာယ်အများဆုံး ဇုန်အဖြစ် ကျောက်ဖြူခရိုင် (ကျောက်ဖြူ၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)နှင့် တတိယအန္တရာယ်အများဆုံး ဇုန်အဖြစ်သံတွဲခရိုင် (ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်(ရွှေသောင်ယံမြို့နယ်ခွဲ၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေဒေသများ)ဖြစ်တယ်လို့ မိုးဇလပညာရှင်များက သုံးသပ်ထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: