> 首页 > MFN

မြန်မာ့ သစ်သီးတင်သွင်းမှုကိုတရုတ် GACC မှ အခြားသောကုန်ခြောက်များနဲ့ မရောဘဲအထူးဦးစားပေးစစ်ဆေးပေးနေ

ယခုမေလဒုတိယအပတ်မှစ၍ တရုတ်နိုင်ငံသို့ တင်သွင်းမယ့် မြန်မာ့သစ်သီးသွင်းကုန်များကို Green Channelဖြင့် ပြောင်းလဲတင်ပို့ခွင့်ပြုထားတယ်လို့ မူဆယ်သစ်သီးကုန်သည်များထံမှ သိရပါတယ်။ Green Channel ဆိုသည်မှာ သစ်သီးများကို အခြားသောကုန်ခြောက်များနှင့် မရောဘဲအထူးဦးစားပေးအနေဖြင့် စစ်ဆေးပေးခြင်းပါ။

ကုန်ခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်သွင်းမှုတွေကို အကောက်ခွန်ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲကျင့်သုံးလိုက်တဲ့အတွက် သရက်သီးကားအစီးရေ ရာချီ၍ပိတ်မိခဲ့ပြီးနောက် မေလ၉ရက်နေ့က တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)မှ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပြည်ပရေးရာဌာနတို့ ချိတ်ဆက်ညှိနှိုင်းမှုအရ မြန်မာသစ်သီးသွင်းကုန်များကို အခုလို Green channelဖြင့် တင်ပို့စေခဲ့တာပါ။

“တရုတ်နိုင်ငံဘက်က စနစ်ပြောင်းလိုက်တဲ့အတွက် သရက်သီးကားတွေ ပိတ်မိသွားတယ်။ အဲဒါကို ဖြေလျှော့ပေးတဲ့အနေနဲ့ GACCက Green channelဖွင့်ပေးလိုက်တာပါ။ ပို့ဖို့ကားတွေ ပိတ်မိသွားတဲ့အတွက် သရက်သီးဈေး ကျသွားပေမယ့်အခု Green channel ဖွင့်ပေးလိုက်တာမို့ ဈေးကွက်ပြန်တက်နိုင်ချေ နည်းနည်းရှိနိုင်တယ်”လို့ မူဆယ်မြို့ရှိ သစ်သီးကုန်သည် တစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က အကောက်ခွန်ကုန်သွယ်ရေးစနစ် မပြောင်းလဲမီက မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းသို့တစ်ရက်လျှင် သရက်သီးကားအစီးရေ ၅၀ကျော်အထိဝင်ရောက်လေ့ရှိတာပါ။ အဲဒီနောက်စနစ် အပြောင်းအလဲကြောင့် သရက်သီးကားများပိတ်မိခဲ့တာမို့ လတ်တလောမှာတော့ တင်ပို့နိုင်ခြင်းမရှိသေးဘဲ ရပ်ဆိုင်းထားကာ စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ဒေသထွက် သရက်သီးကို တရုတ်နိုင်ငံသို့ နှစ်စဉ်ဧပြီလလယ်မှစ၍ ဇူလိုင်လအထိ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိကာလဟာ မိုးဦးစရာသီဖြစ်တာမို့ ပြည်တွင်းမှာ သရက်သီးလှိုင်လှိုင်ပေါ်လာချိန်မှာ တရုတ်နိုင်ငံဘက်သို့ တင်ပို့မယ့် မူဆယ်ဈေးကွက်မှာတင် စိန်တလုံးသရက်သီး 16Kgတစ်ခြင်းလျှင် ယွမ်ငွေ၁၃၀မှ၁၄၀အထိသာ ဈေးနှုန်းရှိနေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: