မြန်မာ့ချုပ်ထည်များ Made in Myanmar အဖြစ် ပြည်ပပို့နိုင်ဖို့ အဆင့်မြှင့်နေ
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်အထည်များကို ပြည်ပသို့တင်ပို့ရာတွင် Made in Myanmar ထုတ်ကုန်အဖြစ်သို့ ရောက်ရှိစေဖို့ အဆင့်မြှင့်တင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း မြန်မာ့အထည်ချုပ်ကဏ္ဍအနေနဲ့ ဥရောပဈေးကွက်တွင် နိုင်ငံတကာဝယ်လက်အဖြစ် platformတစ်ခုကို ခိုင်မာစွာ တည်ဆောက်ထားနိုင်ပြီမို့ မြန်မာနိုင်ငံမှ ချုပ်လုပ်တင်ပို့သည့် အထည်များကို ဥရောပဈေးကွက်တွင် Made in Myanmar ထုတ်ကုန်အဖြစ်သို့ ရောက်ရှိနိုင်ဖို့ အဆင့်မြှင့်တင် ဆောင်ရွက်နေတာလို့ MGMAမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အထည်ချုပ်ကဏ္ဍဟာ နိုင်ငံတော်ရဲ့ ပြည်ပကုန်သွယ်မှုမှာ နိုင်ငံခြားဝင်ငွေရရှိရေးကို များစွာအထောက်အကူပြုနေတဲ့ Sectorအဖြစ် တည်ရှိနေပါတယ်။ လက်ရှိမှာ မြန်မာ့အထည်ချုပ် လုပ်ငန်းတွေဟာ CMPလက်ခစားချုပ်ပြီး အထည်တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသာမက ဥရောပဈေးကွက်ကိုလည်း ခိုင်ခိုင်မာမာရရှိထားတဲ့အတွက် ဒီဈေးကွက်တွေမှာ မြန်မာ့ချုပ်ထည်တွေကို Made in Myanmar ထုတ်ကုန်အဖြစ်နဲ့ နေရာတစ်နေရာ အခိုင်အမာရရှိဖို့လည်း ကြိုးပမ်းနေပါတယ်”လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းထုတ်ကုန်အဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးပမ်းမှုနဲ့အတူနိုင်ငံတကာ Brandsများရဲ့ အမှာစာများကိုလည်း ဆက်လက်ချုပ်လုပ်နိုင်ဖို့အတွက် ဥရောသမဂ္ဂ (European Union) အောက်ရှိ နိုင်ငံတကာ မိတ်ဖက်များနှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုပါ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများဟာ လုပ်သားများနဲ့၎င်း မိသားစုများရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနေတာပါ။
လက်ရှိမှာ အထည်ချုပ်လုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ လုပ်သားပေါင်းဟာ သိန်းချီရှိနေပါတယ်။ အခုလို မြန်မာ့ထုတ်ကုန်ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အရည်အချင်းပြည့်မီတဲ့ လုပ်သားများစွာ ပေါ်ထွက်လာနိုင်မယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၃-၂၄ဘဏ္ဍာ နှစ်စဧပြီလအတွင်းမှာပင် CMPလက်ခစားချုပ်ပြီး အထည်များပြည်ပနိုင်ငံများသို့ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၄သန်းအထိ ရရှိထားတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် CMPပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၄ပုံ၁ပုံခန့်ရရှိထားတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက သိရပါတယ်။