မိုးကြိုးစက်ကွင်းမိခဲ့တဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဗူးဘုရားကို UNESCO စံညွှန်းအတိုင်းပြုပြင်နေ
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ဗူးဘုရားကို မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO)ရဲ့ စံချိန်စံညွှန်းအတိုင်း ရှေးမူမပျက်ပြုပြင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပြုပြင်ထိန်းသိမ်းရေးဌာနမှ သိရပါတယ်။
"ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထဲမှာဗူးဘုရားပါတယ်။ဒါပေမယ့်ယူနက်စကိုကလာပြင်ပေးတာမဟုတ်ပါဘူး။ကျွန်တော်တို့အနေနဲ့ကိုယ့်နိုင်ငံအတွင်းမှာပဲပြုပြင်ထိန်းသိမ်းပိုင်ခွင့်ရှိပါတယ်။သူတို့ကတော့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့အတွက်အကြံပြုချက်တွေရှိတယ်။အဲဒီအကြံပြုချက်တွေအတိုင်းရှေးမူမပျက်ပြင်ဆင်နေတာပါ။ဒါ့အပြင်ကျွန်တော်တို့ဘက်ကမြန်မာပညာရှင်တွေနဲ့အတူအိန္ဒိယပညာရှင်တွေရဲ့အကြံပြုချက်တွေနဲ့လည်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ပြင်ဆင်ရာမှာလည်းပေါက်သွားတဲ့နေရာတွေကိုရိုးရာအင်္ဂတေနည်းစံနှုန်းစနစ်အတိုင်းဥပမာအားဖြင့်ထုံးတို့၊သဲတို့၊အင်္ဂတေဆိုရင်လည်းသရိုးသရွတ်တွေကိုသကာရည်၊ဥသျှစ်ရည်ဒါမျိုးတွေနဲ့ဖော်စပ်ပြီးလုပ်ဆောင်ရတာ၊ဘိလပ်မြေကိုပဲသုံးလို့မရဘူး။အခုတော့မူရင်းဘုရားရှိရှေးဟောင်းအင်္ဂတေပုံစံအတိုင်းဖော်စပ်ပြီးအင်္ဂတေအသားဖြည့်လိုက်ပါပြီ။ကျန်တဲ့ရွှေကပ်တာတို့ကတော့ဗူးဘုရားမှာဂေါပကရှိတဲ့အတွက်ဂေါပကအပိုင်းကဆက်လုပ်သွားမှာဖြစ်ပါတယ်"လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ပြုပြင်ထိန်းသိမ်းရေးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးညီမွန်းကMFNဆက်သွယ်မေးမြန်းတာကိုဖြေကြားပါတယ်။
ကုန်ခဲ့တဲ့ဇွန်လ၆ရက် ည၉နာရီ၃၅မိနစ်အချိန်ခန့်က ပုဂံရှေးဟောင်းနယ်မြေဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေပြင်သို့ မိုးကြိုးပစ်ခြင်းဖြစ်ပွားခဲ့ရာက ပုဂံမြို့ဟောင်းမြစ်ကမ်းစပ်မှာ တည်ထားတဲ့ ဗူးဘုရားစေတီတော်မြတ်ကြီးကို မိုးကြိုးစက်ကွင်းထိမှန်ခဲ့ပါတယ်။ ဒီလိုထိမှန်ခဲ့တာကြောင့် ဗူးဘုရားရဲ့ကိုယ်လုံးတော်လုံးပတ်မှာ တစ်လက်မခွဲအရွယ်အပေါက်ရာ ၂ခု ဖြစ်ပေါ်ခဲ့သလို ဇကောကွက်ကဲ့သို့အရာထင်ခြင်း၊ ထီးတော်ထိခိုက်မှုနဲ့ စိန်ဖူးတော်အောက်ခံ ကြာဖက်ပဲ့သွားခြင်း၊ ငှက်ပျောဖူးကြာဖက်ထိပ်ပိုင်း ၆လက်မခန့် ပဲ့သွားခြင်းနှင့် ထီးတော်ပတ်လည်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းများ မဲသွားခြင်း အစရှိတဲ့ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလိုထိခိုက်မှုရှိခဲ့တဲ့အပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲအနေနဲ့ ယူနက်စကို အကြံပြုချက်များအပြင် အိန္ဒိယနိုင်ငံ Archaeological Survey of India(ASI) ပညာရှင်များ၏ အကြံပြုချက်အတိုင်း ပြုပြင်မှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပုဂံယဉ်ကျေးမှုဒေသမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် စေတီပုထိုးပေါင်း ၃၈၃၇ဆူမှာ ဗူးဘုရားပါဝင်ပြီး ယင်းဘုရားပြုပြင်မှုကိုတော့ ဇွန်လ၇ရက်က စတင်လုပ်ဆောင်နေတာဖြစ်ပြီး တစ်ပတ်ခန့်ကြာမြင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photos-ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ