တနင်္သာရီတိုင်းထဲက မြို့နယ် ၁၀ ခုမှာ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို ကမ်းလှမ်းနေ
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လက်ရှိ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၁၀မြို့နယ်မှာ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမယ့်မြို့နယ်များဟာဆိုရင် ထားဝယ်ခရိုင်မှ ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ မြိတ်ခရိုင်မှ ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကော့သောင်းခရိုင်မှ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းခရိုင်မှ ဘုတ်ပြင်းမြို့နယ်တို့ ဖြစ်ပါတယ်။
အဆိုပါမြို့နယ်တွေအတွက် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
ယင်းဖွံဖြိုးရေး လုပ်ငန်းများတွင် လမ်း၊ တံတား၊ ရေရရှိရေးလုပ်ငန်းများ ပါဝင်ကာအမာခံလမ်း၊ မြေသားလမ်း၊ ကျောက်လမ်း၊ ကွန်ကရစ်လမ်း၊ သံကူကွန်ကရစ်တံတား၊ ဆိပ်ခံတံတား၊ Box Culvertများပါ ပါဝင်မယ်လို့ သိရပါတယ်။
ထိုသို့ဆောင်ရွက်မှုကိုလည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ဆောင်ရွက်တာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်မှာပါ။
ဆောင်ရွက်ရေး လုပ်ငန်းတွေကိုလည်း အခု၂၀၂၃-၂၄ဘဏ္ဍာနှစ်အတွင်းပင် ပြီးစီးစေလိုတာမို့ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မယ့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်တာလို့ သိရပါတယ်။
လက်ရှိမှာ အဆိုပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ထားဝယ်မြို့တွင် ရောင်းချနေပြီး မေ၂၆ရက်နေ့ညနေ၄နာရီခွဲ နောက်ဆုံးထားကာ ပြန်လည်တင်သွင်းဖို့ အသိပေး ကြေညာထားတာပါ။