မိုးတွင်းမှာ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ၁၅ ရာခိုင်နှုန်းမျှ ကျဆင်းမယ်
လာမယ့်မိုးတွင်း ကာလဖြစ်တဲ့ဇွန်လမှ စတင်ကာ အဝေးပြေးကုန်စည်ပို့ဆောင်ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းများရာနှုန်းပြည့် လည်ပတ်မှုထက်၁၅ရာခိုင်နှုန်းမျှ ကျဆင်းမှုရှိနိုင်တယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရပါတယ်။
ဒီလိုကျဆင်းလာတာကလည်း မိုးတွင်းကာလမှာ ကုန်စည်ရရှိမှုနည်းပါးတာ၊ စစ်ဆေးရေးဂိတ်တွေမှာ အချိန်ကြန့်ကြာမှုများ ကြုံတွေ့နေရတာတွေ အပြင်မိုးတွင်းကာလရောက်တိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လမ်းတံတားအသုံးပြုမှုတွေမှာ ၆ဘီးယာဉ်နှင့် အထက်သွားလာမှု ကန့်သတ်ခံရတာတွေကြောင့် ဖြစ်တယ်လို့ အထက်ပါလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌဦးကျင်သိန်းက MFNသီးသန့် ဆက်သွယ်မေးမြန်းတာကို ဆိုပါတယ်။
"လမ်းပိုင်းမှာစစ်ဆေးမှု ကြန့်ကြာတာတွေလည်းရှိတယ်။ လာမယ့်၆လပိုင်းကနေ ၁၀လပိုင်းအထိကို ကုန်စည်ရရှိမှုပါးတာရယ်။ အေးတာရယ်ရှိတယ်။ ၆လပိုင်းနဲ့ ၇လပိုင်း၂လတာဆိုရင် ကုန်ရရှိမှုကပိုပြီး နည်းပါးတာတွေ နှစ်စဉ်ကြုံတွေ့ရတယ်။ ဒီအတွက်ကြောင့် အဝေးပြေးဝန်ဆောင်မှု လုပ်ငန်းဟာပုံမှန်လည်ပတ် နေတာထက် ၁၅ရာခိုင်နှုန်းလောက်ကျ သွားဖို့ရှိနေတယ်။ လမ်းပိုင်းတွေမှာလည်း ဝန်အားမမျှတဲ့အခါ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေကို ၁၀ဘီးယာဉ်နဲ့အထက် ပေးမသွားတော့ဘူး။ ၆ဘီးယာဉ်တွေသာ ပေးသွားရတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်"လို့ ၎င်းက ဖြေကြားထားပါတယ်။
မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းအနေနဲ့ ကုန်စည်ပို့ဆောင်ရေး တွဲကားယာဉ်အစီးရေ ၃၀,၀၀၀ကျော်နဲ့ ရန်ကုန်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ယာဉ်ရပ်နားစခန်းမှာ အခြေစိုက်ကာ နေ့စဉ်စားဖိုဆောင်သီးနှံ၊ စားအုန်းဆီ၊ ဆန်၊ ဆား၊ ငါးခြောက်၊ ပဲ၊ သကြား၊ ရေထွက်ကုန်အစရှိတဲ့ စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများကို တစ်နိုင်ငံလုံးရှိ အနယ်နယ်အရပ်ရပ်ထံ တင်ပို့ဖြန့်ဖြူးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုအနယ်နယ် အရပ်ရပ်ထံ ပြေးဆွဲဖြန့်ဖြူးဝန်ဆောင်မှု ပေးနေရာတွင် ပုံမှန်အားဖြင့် တစ်လမှာ တွဲကားတစ်စီးကို အခေါက်ရေ၄ခေါက်မျှ ဝန်ဆောင်မှုပေးနေရာမှ မိုးတွင်းကာလမှာတော့ အခေါက်ရေ၃ခေါက်မျှသာ ဝန်ဆောင်မှုပေးနိုင်တဲ့ အခြေအနေတို့ကြောင့် ကုန်စည်ပို့ဆောင်ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းများ ၁၅ရာခိုင်နှုန်းမျှ ကျဆင်းနိုင်တာ ဖြစ်ပါတယ်။