> 首页 > MFN

အသစ်ထူထောင်မယ့် MSME လုပ်ငန်းများကို လုပ်ငန်းစတင်ချိန်မှ ၃ နှစ်အထိ အသားတင်မြတ်ငွေ ကျပ်သိန်း ၁၅၀ အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးမယ်

လုပ်ငန်းစတင်ချိန်မှ ၃နှစ်အတွင်း MSMEလုပ်ငန်းများကို အသားတင်မြတ်ငွေ ကျပ်သိန်း၁၅၀အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပေးမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

အဲဒီထုတ်ပြန်ချက်အရ ပြည်တွင်းထုတ်ကုန်ကို အခြေခံထုတ်လုပ်တဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ (သို့မဟုတ်) အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက် အကျုံးဝင်လိုက်နာ ကျင့်သုံးရမှာဖြစ်သလို ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုလည်း ၂၀၂၃ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ၂၉အရ အခုလိုကင်းလွတ်ခွင့် ပေးတာလို့ ဖော်ပြထားပါတယ်။ 

အခုလို ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုခြင်းဟာ ပြည်တွင်းထုတ်လုပ်မှုကို အခြေခံတဲ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေဖို့အတွက် ဆောင်ရွက်ပေးတာလို့ သိရပါတယ်။

ကင်းလွတ်ခွင့်ပေးရာမှာလည်း လုပ်ငန်းမှတ်ပုံတင်လက်မှတ်ပါ မှတ်ပုံတင်တဲ့ရက်စွဲနဲ့ သက်ဆိုင်တဲ့ဝင်ငွေနှစ်အား လုပ်ငန်းစတင်တဲ့ နှစ်အဖြစ် သတ်မှတ်ကာ ၎င်းကာလမှစ၍ ၃နှစ်အထိ ကင်းလွတ်ခွင့်ရမယ်လို့ ဆိုပါတယ်။

သို့ပေမယ့် စုစုပေါင်းအသားတင် အမြတ်ငွေကျပ်သိန်း၁၅၀ရဲ့ အထက်မြတ်ခဲ့မယ်ဆိုရင်တော့ ကျန်ဝင်ငွေပမာဏကို ဝင်ငွေခွန်ပေးဆောင်ရမှာပါ။ ဒီအပြင်လုပ်ငန်းရှင်တွေအနေနဲ့ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပုဒ်မ၂၀နဲ့အညီ မိမိလုပ်ငန်းနဲ့ စပ်လျဉ်းတဲ့စာရင်းတွေနဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီလိုဝင်ငွေခွန် ကင်းလွတ်ခွင့်အတွက် သက်ဆိုင်ရာအခွန်ရုံးကို တင်ပြရာမှာလည်း မှတ်ပုံတင်လက်မှတ်မူရင်းကို မိတ္တူနဲ့အတူ ပူးတွဲတင်ပြရမှာဖြစ်ပြီး MSMEလုပ်ငန်းတွေဟာ ထုတ်လုပ်မှုကို အခြေခံထားတဲ့ လုပ်ငန်းအဖြစ် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ထုတ်ပေးတဲ့အသေးစား၊ အငယ်စားနှင့် အလတ်စားပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ထုတ်ပေးတဲ့အသေးစား စက်မှုလက်မှတ်၊ သက်ဆိုင်ရာ အေဂျင်စီက ထုတ်ပေးတဲ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မှတ်ပုံတင်လက်မှတ်သို့မဟုတ် မှတ်ပုံတင်လက်မှတ် မရရှိသေးပါက စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ထုတ်ပေးတဲ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အဖွဲ့ဝင်လက်မှတ်တို့ တင်ပြဖို့လိုတယ်လို့ သိရပါတယ်။

分享到: