> 首页 > MFN

ဇွန်လအတွင်း အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်

    အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လက်ရှိအချိန်၌ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ၂၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇွန်လအတွင်း အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး တစ်ဖက်မှာလည်း အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဇွန်လ၁ရက်မှ ၆ရက်အတွင်း ဝင်ရောက်ကာ မိုးရာသီကာလကို ရောက်ရှိလာတော့မှာဖြစ်တယ်လို့ မိုး/ဇလမှ ခန့်မှန်းထားပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု ပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိတယ်လို့ မိုး/ဇလမှ ထုတ်ပြန်ထားပါတယ်။

မိုး/ဇလပညာရှင် ဦးဝင်းနိုင်ကတော့“မေလ၂၇/၂၈ရက်များကစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တစ်ခုလုံးမှာ မုတ်သုံမိုး ဆက်တိုက်ရွာပြီး စိုစွတ်တဲ့ မိုးရာသီစတင်ပါလိမ့်မယ်။ မေလ၂၇ရက်၊ ၂၈ရက်မှာတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်းတွေမှာ မိုးရွာနိုင်ပါမယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၉ရက်၊ ၃၀ရက်နေ့တွေကစပြီး လေပြင်းနဲ့အတူ မိုးရွာနိုင်ပါမယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ ဒီရက်ပိုင်းနေရာကွက် မိုးရွာတာရှိပြီး မေ၂၇ရက်မှ မေလကုန်အထိ နေသာချိန်များပြီး မိုးပါးပါးသာကျနိုင်ပါမယ်။ ချင်းပြည်နယ်မှာ မေလ၃၁ရက်နောက်ပိုင်းမှ မိုးစရွာနိုင်ပါမယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်ရှိအချိန်မှာ မိုးပြတ်တောင်း ရွာနေနိုင်ပြီး ၂၇ရက်မှ ၃၁ရက်နေ့အထိ နေသာချိန်ရှိကာ ဇွန်လဆန်းပိုင်းမှာ မိုးပြန်ရွာနိင်ပါမယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ သံတွဲအောက်ဘက်မှာတော့ ၂၉ရက်နေ့မှစပြီး မုတ်သုံမိုး ဆက်သွားနိုင်ပါမယ်။ ကချင်ပြည်နယ်မှာ အခုရက်ပိုင်း မိုးဆက်တိုက်ရွာနေနိုင်ပြီး ၂၇ရက်နေ့မှ မေလကုန်ရက်များအထိ နေသာချိန်တွေ ရှိလာပါမယ်။

ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတွေမှာတော့ ဇွန်လဆန်းပိုင်း ပထမရက်သတ္တပတ် တစ်ပတ်ကျော်မှ မိုးစရွာနိုင်မယ့် အခြေအနေတွေရှိတယ်”လို့ ဦးဝင်းနိုင်က ပြောဆိုထားပါတယ်။

၂၀၂၃မြန်မာ့ဆောင်းရာသီမှ ၂၀၂၄မြန်မာနွေရာသီအထိ အယ်နီညိုညွှန်းကိန်း မြင့်တက်နိုင်ပါတယ်၊ El Nino ၉၀ရာခိုင်နှုန်း ဖြစ်တယ်လို့ မိုးဇလပညာရှင် စုစုစံက ပြောဆိုထားပါတယ်။

စုစုစံက“တနင်္သာရီတိုင်းမှာ မေလ၂၇ရက်နေ့မှ ၃၀ရက်နေ့အထိ မိုးများစွာရွာသွန်းပြီး မိုးကြီးရေလျှံနိုင်ပါတယ်။ မုတ်သုန်လေပါတပါထဲ တနင်္သာရီတိုင်းတစ်တိုင်းလုံး လွှမ်းခြုံရောက်ရှိသွားမှာ ဖြစ်ပါတယ်။ မွန်နဲ့ကရင်ပြည်နယ်မှာတော့ မေလ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ မိုးများစွာရွာသွန်းပြီး မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မုတ်သုန်လေပါတပါထဲ လွှမ်းခြုံရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းမှာတော့ မေလ၃၀ရက်နေ့မှ ဇွန်လ၂ရက်နေ့အထိ မိုးများစွာရွာသွန်းပြီး မိုးကြီးရေလျှံနိုင်ပါတယ်။ မုတ်သုန်လေပါ တပါထဲ လွှမ်းခြုံရောက်ရှိသွားမှာ ဖြစ်ပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်တွင် ယနေ့နံနက်ပိုင်းက ဖော်ပြထားပါတယ်။

分享到: