သင်ရိုးဟောင်း ၁၀ တန်းမအောင်သူများ သင်ရိုးသစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပမှ ဖြေဆိုနိုင်
၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာသင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) စာမေးပွဲမအောင်မြင်သူများနဲ့ မဖြေဆိုခဲ့သူများဟာ အခု၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြင်ပမှဝင်ရောက်ဖြေဆိုခွင့် ရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ ကျောင်းသား/ကျောင်းသူများ အနေနဲ့ ကျောင်းတက်ရောက်ခွင့် ရှိတော့မည်မဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၍ သော်လည်းကောင်း၊ ပြင်ပသင်တန်းများ တက်ရောက်၍သော်လည်းကောင်း လေ့လာသင်ယူပြီး Grade-12သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိမှာဖြစ်ပါတယ်။
ကုန်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ပညာသင်နှစ်မှာ သင်ရိုးဟောင်းရဲ့ တက္ကသိုလ်ဝင်တန်း ၁၀တန်းစာမေးပွဲကို နောက်ဆုံးကျင်းပခဲ့တာ ဖြစ်တဲ့အတွက် ပညာသင်နှစ် တက်ကျောင်းသားကျောင်းသူများ မပါဝင်ဘဲ ယခင်သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုခဲ့တဲ့သူများသာ ပါဝင်ဖြေဆိုခဲ့တာဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။
ယင်းစာမေးပွဲကို ကုန်ခဲ့တဲ့မတ်လ၈ရက်က စတင်ကာ မတ်လ၁၈ရက်နေ့အထိ နိုင်ငံခြားစာစစ်ဌာန၅ခုနဲ့ ပြည်တွင်းစာစစ်ဌာန ၈၅၈ခု၊ စုစုပေါင်း၈၆၃ခု ဖွင့်လှစ်ကာကျင်းပပေးခဲ့ပြီး ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း၁၇၉,၈၄၃ဦးထိ ရှိခဲ့ပါတယ်။
စာရင်းပေးသူတွေအနက်မှ ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်မှုပေါင်း၁သိန်းနီးပါးရှိခဲ့တယ်လို့ အခြေခံပညာဦးစီးဌာန ထုတ်ပြန်တဲ့စာရင်းများအရ သိရပါတယ်။
KG+12ပညာရေးစနစ်မှာ သင်ရိုးသစ်Grade-12ကို အခုလာမယ့်၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့ ဇွန်လ၁ရက်မှစတင် ထည့်သွင်း သင်ကြားသွားတော့မှာ ဖြစ်ပါတယ်။
#၁၀တန်း #Grade-12 #KG+12 #ပညာရေး #တက္ကသိုလ်ဝင်စာမေးပွဲ #MFN #MyanmarFutureNews
