ပြင်ပ ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်တက်လာချိန် နိုင်ငံခြားငွေ ငွေသားတိုးမြှင့်ရောင်းချပေးမယ်လို့ ဗဟိုဘဏ် ဆိုလာ
ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ၂၁၀၀အဖြစ် သတ်မှတ်ထားပေမယ့် ဒေါ်လာငွေလဲလှယ်နှုန်း တဖြည်းဖြည်းတက်လာခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က တစ်ဒေါ်လာကို ၂၈၇၀ကျပ်ရှိခဲ့ရာမှ ၂၉၅၀ကျပ်အထိ ရောက်ရှိခဲ့လို့ တစ်ပတ်အတွင်း တစ်ဒေါ်လာကို ကျပ်၈၀ခန့်အထိ မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့မေလ၁၈ရက်က ပြင်ပငွေလဲလှယ်နှုန်း ဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၂၈၅၀ကျပ်၊ မေလ၂၀ရက်မှာ ၂၈၆၈ကျပ်၊ မေလ၂၂ရက်မှာ ၂၈၇၂ကျပ်၊ မေလ၂၄ရက်မှာ ၂၈၈၀ကျပ်အသီးသီးရှိခဲ့ပြီး မေလ၂၇ရက်မှာ ကျပ်၂၉၅၀ကြားအထိ ဈေးတက်လာခဲ့တာဖြစ်ပါတယ်။
ယနေ့မေ၂၉ရက် မနက်ပိုင်းမှာ အမေရိကန်ဒေါ်လာဈေးဟာ ရောင်းဈေး၂၉၄၅ကျပ် ဖြစ်ပေါ်နေတယ်လို့ ပြင်ပနိုင်ငံခြား ငွေစျေးကွက်အတွင်းက သိရပါတယ်။
လက်ရှိတွင် အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှထပ်မံ၍ အတိုးနှုန်း မြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက် ရှိတယ်လို့ နိုင်ငံခြားငွေ ရောင်းဝယ်နေတဲ့ ဈေးကွက်အတွင်းက သိရှိရပါတယ်။
ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ကိစ္စနဲ့ပတ်သက်လို့ လက်ရှိဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသားတိုးမြှင့် ရောင်းချပေးမယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် USD Liquidityနှင့် MMK Liquidityတို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆက်လက်ပံ့ပိုး ပေးသွားမှာဖြစ်ကြောင်း မေလ(၂၆)ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင်ရွက်နေပြီး ပြည်တွင်းဈေးကွက်သို့ USD Liquidity/ MMK Liquidityကို ဘဏ်များမှတဆင့် ပံ့ပိုးပေးလျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
ယင်းသို့ဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidityနှင့် MMK Liquidity လိုအပ်ချက် မြင့်တက်ခြင်းကို လျှော့ချထိန်းသိမ်းနိုင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေကြောင်း ဗဟိုဘဏ်ကြေညာချက်တွင် ဖော်ပြထားပြီး၊ လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူ အချို့ကဈေးနှုန်း ကမောက်ကမ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်းမြင့်တက်မယ်လို့ မဟုတ်မမှန် ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က အသိပေးထားပါတယ်။
ပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုအတွက် သွားရောက်မည့်သူများ၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ပအလုပ်အကိုင် ရှာဖွေရေးအစီအစဉ်အရ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများအတွက် ဘဏ်ငွေလဲကောင်တာများတွင် အသေးသုံးနိုင်ငံခြား ငွေများတိုးမြှင့်ရောင်းချပေးရန်နှင့် နိုင်ငံတကာ သုံးငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချရန်စီစဉ်ထားပြီးဖြစ်လို့ မဟုတ်မမှန် သတင်းလွှင့် ပြောကြားချက်များကို ယုံကြည်ခြင်း မရှိကြရန်လည်း အသိပေးထားပါတယ်။
ထို့သို့မဟုတ်မမှန် သတင်းလွှင့်ပြောကြားသော ဝိသမလောဘသားများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး မဟုတ်မမှန် သတင်းလွှင့်မှုများနှင့် ဆက်စပ်သတင်း အကြောင်းအချက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Email:gov.office@cbm.gov.mm) ထံသို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#အမေရိကန်ဒေါ်လာ#ဒေါ်လာဈေး#USD#နိုင်ငံခြားငွေလဲနှုန်း#CBM#ဗဟိုဘဏ်#MFN#MyanamrFutureNews