ဥပဒေနဲ့အညီလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိတဲ့ လယ်ယာမြေများအရေးယူဖို့ ကြေညာ
လယ်ယာမြေများအား ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဘဲခွင့်ပြုချက်ထက် ကျော်လွန်ကာ အသုံးပြုခြင်း၊ တရားမဝင်မြေ အရောင်းအဝယ်များ ပြုလုပ်နေခြင်းတွေကို အရေးယူဖို့ အများပြည်သူသို့ အသိပေး ကြေညာလာပါတယ်။
အဆိုပါ အသိပေးကြေညာမှုကိုတော့ လက်ရှိမှာ မန္တလေးတိုင်းက စတင်ပြုလုပ်လာတာဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများနှင့် ပုံစံ၇ကျပြီးသား လယ်ယာမြေများ ပေါ်တွင်လယ်ယာမြေ ဥပဒေနဲ့အညီ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်မှုမရှိခြင်း၊ လယ်ယာမြေများကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လှပ်ထားခြင်း၊ လယ်ယာမြေများကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း၊ အခြားနည်း အသုံးပြုခွင့်ရရှိထား သော်လည်း လျှောက်ထားသည့် နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်တာ မရှိဘဲ ကျော်လွန်လုပ်ကိုင် ဆောင်ရွက်နေခြင်းတို့ကို စိစစ်တွေ့ရှိရတာမို့ အရေးယူဖို့အသိပေး ကြေညာလာတာပါ။
ဒီအပြင် လယ်ယာမြေများပေါ်မှာ မြေဖို့တာ၊ ကွက်စိပ်ရိုက်တာ၊ ကွန်ကရစ်လမ်းခင်းတာ၊ အုတ်တံတိုင်းကာရံတာ၊ ကွန်ကရစ်တိုင် စိုက်ထူပြီးခြံစည်းရိုးကာရံတာ၊ နေအိမ်ဆောက်လုပ်တာ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်းနှင့် တရားမဝင် မြေအရောင်းအဝယ် ပြုလုပ်နေတာတွေကိုပါ စိစစ်တွေ့ရှိနေရတယ်လို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့က ဆိုထားတာပါ။
ဒါကြောင့် ယင်းကဲ့သို့ ဥပဒေနှင့်ညီညွတ်မှုမရှိသည့် လုပ်ကိုင်ဆောင်ရွက်နေသူများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ-၁၉အရ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ အမိန့်တစ်ရပ်ထက်ပို၍ ဖြစ်စေချမှတ်ခြင်း၊ လိုက်နာခြင်းမရှိပါက လယ်ယာမြေဥပဒေပုဒ်မ-၂၀(က)အရ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ-၁၇(ဃ)အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်းများဖြင့် အရေးယူသွားမည်ဟု အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီက အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါဟာလည်း ပုသိမ်ကြီးမြို့နယ်ဟာ မန္တလေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး၊ မန္တလေးမြို့၌ လူနေသိပ်သည်းမှု များပြားလာတာကြောင့် ယင်းနဲ့ကပ်လျက်ရှိနေသဖြင့် လူနေထိုင်ရန်(သို့) စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်လာကာ နယ်မြေအေးချမ်းတဲ့အတွက် မြေကွက်ဝယ်ယူရန် စိတ်ဝင်စားမှု များပြားလာတယ်လို့လည်း အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီကဆိုထားပါတယ်။
အခုလို လယ်ယာမြေများကို ခွင့်ပြုချက်ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲ ဆောင်ရွက်မှုတွေကို လက်ရှိနေရာတစ်ခုတည်းတွင် မဟုတ်ဘဲနေရာ အတော်များများတွင် တွေ့ရှိနေရပြီး လူမှုကွန်ရက်များမှတဆင့် ဆယ်လီများ၊ သရုပ်ဆောင်များကို ငှားရမ်းကာ အရစ်ကျစနစ်ဖြင့် ရောင်းချမှုများလည်း တွေ့ရှိနေရကြောင်း လူမှုကွန်ရက် အသုံးပြုသူ တစ်ဦးက ပြောပါတယ်။
“အဲလိုလယ်မြေတွေကို ရောင်းနေတာ ရန်ကုန်တိုင်းမှာလည်း အများကြီးပဲတွေ့ရတယ်။ ရှမ်းပြည်ဘက်ရော၊ မန္တလေးဘက်ရော စုံနေတာပဲ။ ဖေ့စ်ဘုတ်ဆယ်လီတွေ၊ သရုပ်ဆောင်တွေက liveတွေလွှင့်ပြီး ရောင်းနေတာ အရစ်ကျ အကြွေးစနစ်တောင်ပါသေး။ အဲတော့ယုံပြီးဝယ်တဲ့ သူတွေလည်း အများကြီးပဲ”လို့၎င်း၏ အမြင်ကို ပြောဆိုထားတာပါ။
ဒါ့ကြောင့် လယ်ယာမြေကို ခွင့်ပြုမိန့်ကျော်လွန် အသုံးပြုတာတွေအတွက် မန္တလေးတိုင်းက အရေးယူဖို့ အသိပေး ကြေညာလာတာ ဖြစ်ပါတယ်။
#လယ်ယာမြေ#တရားမဝင်#မန္တလေးတိုင်းဒေသကြီး#MFN#MyanmarFutureNews