> 首页 > MFN

စမတ်ဖုန်းတွေအတွက် ဂြိုလ်တု တိုက်ရိုက်သုံးနိုင်တော့ မလား ?

လက်ကိုင်စမတ်ဖုန်းတွေ အသုံးပြုရာမှာချမ်းသာတဲ့ နိုင်ငံကြီးတွေမှာတောင် ဖုန်းလိုင်းကောင်းကောင်းမမိတဲ့ နေရာမျိုးတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေနဲ့ ဖုန်းလိုင်းကောင်းဖို့အတွက် လိုအပ်တဲ့တာဝါတိုင် လုံလောက်စွာမရှိတဲ့ နေရာဒေသတွေလည်း ရှိနေဆဲဖြစ်ရာ လက်ကိုင်ဖုန်းတွေကို အာကာသထဲက ကမ္ဘာကိုပတ်နေတဲ့ ဆက်သွယ်ရေးဂြိုဟ်တုနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုနိုင်ဖို့ ကြိုးစားနေသူတွေ ရှိလာပြီဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အခြေစိုက် AST SpaceMobile ကုမ္ပဏီဟာ သာမန်လက်ကိုင်ဖုန်းနှင့် ဂြိုဟ်တုတိုက်ရိုက် ချိတ်ဆက်ပြီး လက်ကိုင်ဖုန်းခေါ်ဆိုမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။ ထပ်မံ၍လည်း 4Gဖုန်းအင်တာနက် အမြန်နှုန်းထက် ၁၀ဆလောက်ပိုမြန်နိုင်တဲ့ 5Gအမြန်နှုန်းဖြင့် ဖုန်းပြောခြင်းနှင့် အင်တာနက်သုံးစွဲမှုတွေကို ဂြိုဟ်တုနဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မယ့် နည်းပညာကို ဖော်ဆောင်နေတယ်လို့ သိရှိရပါတယ်။

AST SpaceMobileမှ BW3စမ်းသပ်ဂြိုလ်တုကို ဖလော်ရီဒါပြည်နယ် Cape Canaveralမှ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၀ရက်စနေနေ့တွင် အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ လောလောဆယ်မှာ ကမ္ဘာပတ်ဂြိုဟ်တု လမ်းကြောင်းပေါ်၌ ဂြိုဟ်တုတစ်လုံးနဲ့ စမ်းသပ်နေပြီး ဂြိုလ်တုအလုံး ၁၇၀နီးပါးရှိသော ဂြိုလ်တုအစုအဝေးတစ်ခုကို စီစဉ်နေကာ ပထမအလုံး၂၀ကို ၂၀၂၃ခုနှစ်တွင် စတင်လည်ပတ်ရန် လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ၂၀၂၄ခုနှစ်မှာတော့ ဒီကုမ္ပဏီဟာ တကမ္ဘာလုံးက လက်ကိုင်ဖုန်းတွေမှတဆင့် လှမ်းအသုံးပြုနိုင်ဖို့ အတွက် ဂြိုဟ်တုအလုံး၁၀ဝလွှတ်တင်ဖို့ မျှော်မှန်းထားတယ်လို့ သိရှိရပါတယ်။ AST SpaceMobile ကုမ္ပဏီဟာ လက်ကိုင်ဖုန်းနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Vodafoneနဲ့ AT&Tတို့နဲ့ ယခင်ကတည်းက လက်မှတ်ထိုးထားပါတယ်။ ထို့အပြင် Smartfren Telecom၊ Telefonica၊ Indosat Ooredoo၊ Tigo၊ Telstraနှင့် Orangeစတဲ့ အော်ပရေတာတွေနဲ့လည်း MoUသဘောတူညီချက်တွေ လက်မှတ်ရေးထိုးထားပါတယ်။

လက်ကိုင်ဖုန်းတွေကို အာကာသထဲက ကမ္ဘာကိုပတ်နေတဲ့ ဆက်သွယ်ရေးဂြိုဟ်တု တိုက်ရိုက်အသုံးပြုပြီး ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီဟာလည်း AST Space Mobile တစ်ခုတည်းမဟုတ်ဘဲ အခြားစမ်းသပ်နေတဲ့ ကုမ္ပဏီတွေလည်း ရှိနေကာ ဒီအထဲမှာ Teslaရဲ့ ပဲ့ကိုင်ရှင်အီလွန်မက်စ်ပိုင်ဆိုင်တဲ့ Starlink ဂြိုဟ်တုသုံး အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။

#ASTSpaceMobile#BW3#ဂြိုလ်တုဖုန်း#စမတ်ဖုန်း#MFN#MyanmarFutureNews

分享到: