> 首页 > MFN

မြန်မာ့စီးပွားရေးဘဏ်၏ အတိုးနှုန်း ပုဂ္ဂလိက ဘဏ်များနည်းတူ ဖြစ်သင့်ဟု သုံးစွဲသူများပြော

မြန်မာ့စီးပွားရေးဘဏ်၌ ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်အပ်ငွေနှင့် စာရင်းသေအပ်ငွေများအပေါ် အတိုးနှုန်းများကို ယခုနှစ်ဇွန်လ၁ရက်က စတင်ကာ တိုးမြှင့်ပြင်ဆင် သတ်မှတ်သွားမယ်လို့ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ထားပေမယ့် ပြင်ပပုဂ္ဂလိကဘဏ်များနည်းတူ အတိုးနှုန်းကို သတ်မှတ်ပေးသင့်တယ်လို့ မြန်မာ့စီးပွားရေးဘဏ် သုံးစွဲသူများက ဆိုနေပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်အတွင်း ဘဏ်အပ်ငွေများအပေါ် ကန့်သတ်ကာထုတ်ပေးခြင်းများကြောင့် ဘဏ်များအပေါ် ယုံကြည်မှု လျော့ပါးလာခဲ့ပြီးနောက် ငွေပြန်ထုတ်ယူသူ များပြားခဲ့ရာ ယခုနောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များဘက်မှလည်း အတိုးနှုန်းများတိုးပေး၍ ယုံကြည်မှုရရန် ပြန်လည်လုပ်ဆောင် လာနေပါတယ်။ ထိုအထဲတွင် အစိုးရပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်ဟာလည်း ပါဝင်လာခဲ့ပြီး အခုလိုတိုးမြှင့်ပေးခြင်းတွေ လုပ်ဆောင်လာနေတာ ဖြစ်နိုင်တယ်လို့ သုံးစွဲသူများက သုံးသပ်နေကြပါတယ်။

ထိုသို့ငွေစု အတိုးနှုန်း ပြင်ဆင်သတ်မှတ်ရာတွင် ငွေစုဘဏ်အပ်ငွေအတိုးနှုန်း (၆)ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေ အတိုးနှုန်း(၇)ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေ အတိုးနှုန်း(၁)နှစ် အပ်ငွေ(၇)ရာခိုင်နှုန်းစသဖြင့် ပြင်ဆင်သတ်မှတ်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်၏ ယခင်အတိုးနှုန်းများမှာ ငွေစုဘဏ်အပ်ငွေ အတိုးနှုန်း(၅.၅)ရာခိုင်နှုန်း၊ ငွေစုလက်မှတ် အပ်ငွေအတိုးနှုန်း (၆ဒသမ၅)ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေ အတိုးနှုန်း(၁)နှစ် အပ်ငွေ(၆.၅)ရာခိုင်နှုန်း ဖြစ်ကြောင်းသိရပါတယ်။

ဘဏ်စာရင်းဖွင့်လှစ်ထားတဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးက“အရင်နဲ့သိပ်မကွာဘူး၊ အရင်တုန်းက၅ရာခိုင်နှုန်း၊ အခုက၆ရာခိုင်နှုန်းလေ၊ အပြင်ဘဏ်တွေမှာက ၉ရာခိုင်နှုန်းလောက် ပေးနေတဲ့အချိန်မှာ ၆ရာခိုင်နှုန်းလောက်ဆိုတာ နည်းသေးတာပေါ့၊ အပြင်ဘဏ်တွေနဲ့ တန်းတူတိုးသင့်တာ”လို့လည်းပြောပါတယ်။

လက်ရှိဘဏ်တိုးနှုန်းတွေ တိုးမြှင့်ပေးသလို ဘဏ်ခွဲတွေအများကြီးရှိပြီး အစိုးရဝန်ထမ်းအများစု သုံးစွဲတဲ့ဘဏ်ဖြစ်လို့ သုံးစွဲသူအပေါ် စိတ်ရှည်သည်းခံပြီး ဝန်ဆောင်မှု ကောင်းတွေကို တိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့လည်း သုံးစွဲသူအသိုင်းအဝိုင်းက ဆိုပါတယ်။

နောက်ထပ် မြန်မာ့စီးပွားရေးဘဏ် သုံးစွဲသူတစ်ဦးက“ပြီးခဲ့တဲ့လက ငွေစုစာအုပ်သွားလုပ်တာ အခုလုပ်မပေးနိုင်ဘူး နောက်လမှလာဆိုပြီး ပြောခဲ့တယ်။ ဘဏ်မှာယုံကြည်စွာ ငွေစုသူကို လက်ကမ်းကြိုဆိုရမှာပါ။ ဖော်ရွေပျူငှာစွာ ဆက်ဆံပေးပြီး ဆက်ဆံရေးကောင်းပြီး အလျင်အမြန် ပြီးစီးအောင် ကူညီဆောင်ရွက်ပေးရမှာပါ။ တစ်နိုင်ငံလုံး ဘဏ်ခွဲတွေ ဖြန့်ကျတ်ပြီးသားဖြစ်တဲ့အတွက် Customerကို လေးစားရင် ပြန်လည်လို့ လေးစားခံလာရမှာ ပါ”လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

#မြန်မာ့စီးပွားရေးဘဏ်#MEB#ငွေစု#ဘဏ်#အတိုးနှုန်း#MFN#MyanmarFutureNews

分享到: