> 首页 > MFN

မြန်မာ့ ချင်း(ဂျင်း)ပို့ကုန် ဘင်္ဂလားဒေ့ရှ်မှာ ဈေးကောင်းရနေ

မြန်မာ့ဒေသထွက် ချင်း(ဂျင်း)ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာမှာ ဈေးကောင်းရရှိနေတယ်လို့ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ချင်း(ဂျင်း)စိုက်ပျိုး ထုတ်လုပ်မှုရှိပေမယ့် ထုတ်လုပ်နိုင်ချေနှင့် သုံးစွဲမှုမမျှတတာကြောင့် နှစ်စဉ်လိုအပ်နေတဲ့ ချင်း(ဂျင်း)ကိုတရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ထံက တင်သွင်းနေရတာပါ။

အဲဒီလိုတင်သွင်းတဲ့ နိုင်ငံတွေထဲကမှ မြန်မာချင်း(ဂျင်း)ကို ပိုမိုကြိုက်နှစ်သက်ကြပြီး ဈေးကောင်းရရှိနေတာလို့ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံက စိုက်ပျိုးတဲ့ချင်း(ဂျင်း)တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စိုက်ပျိုးတဲ့ချင်း(ဂျင်း)များနဲ့ ပုံသဏ္ဍာန်နဲ့ အရောင်အသွေး တူညီနေတာမို့ မြန်မာနိုင်ငံက ချင်း(ဂျင်း)တွေကို ပိုမိုနှစ်သက်ကြတာပါ။ ပြီးတော့ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်လည်း သက်သာတော့ ပိုအဆင်ပြေတာပေါ့”လို့ ၎င်းတာဝန်ရှိသူမှ ပြောဆိုထားတာပါ။

မြန်မာ့ချင်း(ဂျင်း)တွေဟာ သယ်ယူပို့ဆောင်ရေးစရိတ်အနေဖြင့် အခြားနိုင်ငံတွေထက် ကုန်ကျစရိတ် သက်သာတဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်မှာလည်း အခြားနိုင်ငံက တင်ပို့နေတဲ့ ချင်း(ဂျင်း)တွေထက် ဈေးသက်သာတာမို့ သုံးစွဲသူလည်း များပြားနေတာပါ။

ဈေးနှုန်းအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်ဈေးကွက်မှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ချင်း(ဂျင်း)တစ်ကီလိုကို ဘင်္ဂလားဒေ့ရှ် တာကာ၃၇၀၊ ဗီယက်နမ်နှင့် အိန္ဒိယမှတင်သွင်းတဲ့ ချင်း(ဂျင်း)တစ်ကီလိုကို တာကာ၂၅၀နဲ့ ၂၆၀ရှိနေပြီး မြန်မာနိုင်ငံမှ တင်သွင်းသည့် ချင်း(ဂျင်း)တစ်ကီလိုကိုတော့ တာကာ၂၄၀မှ ၂၄၅ပေါက်ဈေး ရှိနေတာပါ။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပြည်ပမှချင်း(ဂျင်း)တင်သွင်းမှုကို ကုန်ခဲ့တဲ့၁လကျော်လောက်ကစပြီး တချို့နိုင်ငံများကို ရပ်ဆိုင်းလိုက်ကာ တချို့နိုင်ငံများမှ အနည်းငယ်သာမှာ ယူတော့ပေမယ့် မြန်မာနိုင်ငံမှ တင်သွင်းတဲ့ ချင်း(ဂျင်း)ကိုတော့ ပိုမိုမှာယူတာတွေ ရှိလာတယ်လို့ သိရပါတယ်။

ဒါကြောင့် အခုနှစ်မေလဆန်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ချင်း(ဂျင်း) လက်လီဈေးကွက်တွေမှာ မြန်မာ့ဒေသထွက် ချင်း(ဂျင်း)ဟာ တစ်ကီလိုလျှင် တာကာ၃၅၀အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေသတွင်းချင်း(ဂျင်း) သုံးစွဲမှုဟာဆိုရင် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၃ဒသမ၅သိန်းမှ ၄သိန်းအထိ သုံးစွဲမှုရှိနေတာပါ။ သို့ပေမယ့် နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်နိုင်ချေကတော့ ၂ဒသမ၅သိန်းသာ ရှိတာမို့ လိုအပ်ချက်ကို ပြည်ပနိုင်ငံတွေက တင်သွင်းနေရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ယခုနှစ်မေလ၁ရက်မှ ၂၃ရက်နေ့အထိ စစ်တွေမှတစ်ဆင့် မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ချင်း(ဂျင်း)အစို တန်ချိန်၈၀တန်၊ အမေရိကန်ဒေါ်လာ ၀ဒသမ၀၃၈သန်းဖိုး တင်ပို့ထားနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။

#ချင်း#ဂျင်း#ဘင်္ဂလားဒေ့ရှ်#ကုန်သွယ်မှု#MFN#MyanmarFutureNews

分享到: