မြန်မာမှလိုအပ်ချက်ကြောင့်ထိုင်းငွေပေါက်ဈေးနဲ့သစ်သီးဝလံ၂၄တန်ပြန်လည်တင်သွင်းခဲ့ရ
ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကြောင့် လက်ရှိထိုင်းငွေပေါက်ဈေးနဲ့ သစ်သီးဝလံ၂၄တန်ကို ထိုင်းနိုင်ငံထံမှ ပြန်လည်တင်သွင်းခဲ့ရတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။
မြန်မာ-ထိုင်းကုန်သွယ်မှု ပြုနေတဲ့ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြိတ်ဒေသအတွက် လိုအပ်မှုကြောင့် မေလအတွင်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြိတ်မြို့ကို မော်တော်ယာဉ်ဖြင့် သွားလာပါက သုံးနာရီအတွင်း သွားလာနိုင်တဲ့အတွက် ထိုင်းကတင်သွင်းလာတဲ့ သစ်သီးဝလံတွေကို လတ်ဆတ်စွာ ဝယ်ယူရောင်းချနိုင်သလို သယ်ယူပို့ဆောင်ချိန် နည်းပါးတဲ့အတွက် သစ်သီးဝလံထိခိုက်ပျက်စီးမှု နည်းပြီး တင်သွင်းသူတွေ တွက်ခြေကိုက်နေတဲ့အတွက် တင်သွင်းမှုများရှိနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြန်လည်တင်သွင်းတဲ့ သစ်သီးဝလံတွေကတော့ ပန်းသီး၊ လိမ္မော်သီး၊ ပိန္နဲသီး၊ ရေငန်းသီးနဲ့ လောင်ဂန်သီးစတဲ့ သစ်သီးဝလံ၂၄တန် ဖြစ်ပါတယ်။
တင်သွင်းရာမှာလည်း ထိုင်းငွေတစ်ဘတ်ကို ပြင်ပပေါက်ဈေး မြန်မာငွေ၈၅ကျပ်ပေါက်ဈေး ရှိနေချိန်မှာ တင်သွင်းခဲ့တာဖြစ်ပြီးတော့ ထိုင်းငွေပေါက်ဈေးနဲ့ ပြန်တင်သွင်းတဲ့ သစ်သီးဈေးနှုန်းတွေကတော့ ပန်းသီးတစ်ကီလိုဂရမ်ကို ၁၉ဒသမ၄၄ဘတ်၊ လိမ္မော်သီးတစ်ကီလိုဂရမ် ၉ဒသမ၆၉ဘတ်၊ ရေငန်းသီးတစ်ကီလိုဂရမ် ၆ဒသမ၄၅ဘတ်၊ လောင်ဂန်သီးတစ်ကီလိုဂရမ် ၆ဒသမ၈၁ဘတ်ဈေးနှုန်းနဲ့ တင်သွင်းနေတာလို့ သိရပါတယ်။
မြန်မာမှ စားသုံးမှုလိုအပ်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ သစ်သီးဝလံများ တင်သွင်းနေရသလို ထိုင်းနိုင်ငံထံ ရေထွက်ကုန်၊ လယ်ယာထွက်ကုန်၊ ကြက်သွန်နီ၊ ငှက်ပျော၊ ကဏန်းမည်းအရှင်နဲ့ အခြားကုန်စည်တွေ တင်ပို့ရောင်းချနေတာပါ။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဂိတ်တစ်ခုဖြစ်တဲ့ မောတောင်နယ်စပ်ဂိတ်ရဲ့ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ယခု၂၀၂၃-၂၄ ဘဏ္ဍာနှစ်ဧပြီလ၁ရက်မှ မေလ၂၆ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ၁၅၈သန်းရှိနေပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ဒသမ၁၃၄သန်းဖိုးရှိကာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ၂၉၂သန်း ရရှိထားပါတယ်။ ယခင်၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူထက်တော့ အမေရိကန်ဒေါ်လာ ၀ဒသမ၅၁၇သန်းဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။
#မြန်မာ_ထိုင်း#သစ်သီးဝလံ#မောတောင်နယ်စပ်ဂိတ်#ထိုင်းဘတ်#MFN#MynamarFutureNews