> 首页 > MFN

မြန်မာ့ကော်ဖီကိုနိုင်ငံပေါင်း(၁၄)နိုင်ငံသို့တင်ပို့နေရပြီးတိုးချဲ့တင်ပို့နိုင်ဖို့အဖွဲ့အစည်းအသစ်ဖွဲ့စည်းကာလုပ်ဆောင်ရန်ပြင်ဆင်လာ

မြန်မာ့ကော်ဖီကို နိုင်ငံပေါင်း(၁၄)နိုင်ငံသို့ တင်ပို့နေရပြီး ဂျပန်အပါအဝင် ၄နိုင်ငံကသွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးထားချိန်တွင် ဈေးကွက်သစ်များ ထပ်မံရှာဖွေဖို့သက်ဆိုင်ရာ ဌာနများအပါအဝင် လုပ်ငန်းရှင်များ၊ ပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းအသစ် ဖွဲ့စည်းကာ လုပ်ဆောင်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MTPO)မှ သိရှိရပါတယ်။

MTPOမှ တာဝန်ရှိသူတစ်ဦးက‘‘အရည်အသွေးပိုင်းကတော့ မြန်မာနိုင်ငံ ကော်ဖီအသင်းနဲ့ ပူးပေါင်းပြီး ကော်ဖီပညာရှင်တွေ ပါတာပေါ့နော်။ သူတို့ကအရည်အသွေးနဲ့ ပတ်သက်ပြီး သတ်မှတ်မယ်။ ကျွန်တော်တို့ဘက်ကနေ ကော်ဖီပို့ကုန်ကို ချောချောမွေ့မွေ့နဲ့ တင်ပို့နိုင်ဖို့ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကော်ဖီဗဟိုအဖွဲ့ဆိုတာ ရှိပါတယ်။ ဒါကိုစိုက်ပျိုးရေးက ဦးစီးတာပေါ့၊ အခုကတော့ Task Forceပေါ့၊ ဖွဲ့စည်းမယ်။ အဲ့ထဲမှာ စီးပွားကူးသန်းပါမယ်၊ စိုက်မွေးဆည်မြောင်းက တာဝန်ရှိ ဌာနတွေပါမယ်။ လုပ်ငန်းရှင်တွေပေါ့။ မြန်မာနိုင်ငံ ကော်ဖီအသင်းတွေပါမယ်၊ စိုက်ပျိုးထုတ်လုပ်တဲ့ ကော်ဖီအစုအဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းပြီး စိုက်ပျိုးထုတ်လုပ်မှုကနေ တင်ပို့မှုအထိ ရောက်အောင် တွန်းအားပေး ဆောင်ရွက်ဖို့ရှိပါတယ်”လို့ နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

လက်ရှိမှာ မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနဲ့ အာရှဒေသက နိုင်ငံပေါင်း(၁၄)နိုင်ငံကို တင်ပို့ရောင်းချနေရပြီး ဈေးကွက်သစ်တွေ ထပ်မံရှာဖွေကာ တိုးမြှင့်တင်ပို့ကြဖို့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြီး“ကော်ဖီက potentialရှိတဲ့ ထုတ်ကုန်တစ်ခုပေါ့။ ကျွန်တော်တို့ နိုင်ငံအနေအထားနဲ့လည်း ကော်ဖီစိုက်နိုင်တဲ့ ဧရိယာကအများကြီး ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ စိုက်ပျိုးနိုင်ရင် ကော်ဖီထုတ်လုပ်မှု တိုးတက်မယ်။ ကမ္ဘာ့ကော်ဖီ Cultureကလည်း တဖြည်းဖြည်းတိုးတက်လာနေပြီး နဂိုက အနောက်နိုင်ငံတွေကပဲ ကော်ဖီယဉ်ကျေးမှုရှိခဲ့တာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း အရှေ့တိုင်းဖြစ်တဲ့ ဂျပန်တို့၊ တရုတ်တို့၊ ကိုရီးယားတို့ကို ပြောင်းရွှေ့လာပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနီးမှာရှိတဲ့ ဈေးကွက်ကို တိုးချဲ့နိုင်ပြီဆိုရင် ကျွန်တော်တို့အတွက် နိုင်ငံခြားဝင်ငွေ အများကြီးရမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ အဓိကသီးနှံ ပို့ကုန်အဖြစ် ဆောင်ရွက်သွားသင့်ပါတယ်”လို့ ပြောဆိုပါတယ်။

လက်ရှိမှာလည်း ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့က မြန်မာ့ကော်ဖီ တင်သွင်းမှုအတွက် သွင်းကုန်ခွန် ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်း သတ်မှတ်ထားပြီး အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MTPO)က ပြောပါတယ်။

မြန်မာ့ကော်ဖီကို ဈေးကွက်ဝင် ကော်ဖီအဆင့်ကနေ အထူးတန်းဝင် ကော်ဖီအဆင့်အထိ အဆင့်မြှင့် ထုတ်လုပ်ထားနိုင်ပြီး လက်ရှိမှာ ပင်လယ်ရေကြောင်းကနေ အမေရိကန်၊ ကနေဒါ၊ အီးယူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့ကို တင်ပို့နေကာ နယ်စပ်လမ်းကြောင်းကနေ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဆီ ရောင်းချနေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကော်ဖီစိုက်ဧက ၅သောင်းခန့်ရှိကာ အထူးတန်းဝင် အမျိုးအစား(ကော်ဖီစေ့)က တစ်တန်ပေါက်ဈေး ကန်ဒေါ်လာ(၇၅၀၀)ခန့်ရှိပြီး ပုံမှန်ဈေးကွက်ဝင် ကော်ဖီအမျိုးအစားက တစ်တန်ကိုကန်ဒေါ်လာ (၃၀၀၀)မှ (၄၅၀၀)ကြား ဈေးရရှိနေတယ်လို့လည်း သိရှိရပါတယ်။

#ကော်ဖီ #Coffee #မြန်မာ့ကော်ဖီ #မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ #MTPO #MFN #MyanmarFutureNews


分享到: