> 首页 > MFN

တိုင်းရင်းသားကျေးရွာရှိလုပ်ငန်း၄ခုအဆင့်မြှင့်ဖို့မြန်မာလုပ်ငန်းရှင်များဖိတ်‌ခေါ်

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှာ ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်း၄ခု အဆင့်မြှင့်တင်ဖို့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို ကမ်းလှမ်းဖိတ်ခေါ်လျက် ရှိနေပါတယ်။

အဆိုပါဖိတ်ခေါ်မှုကို တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနက လုပ်ဆောင်နေတာဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဝါးရုံတောလျှောက်လမ်း ပြုပြင်ခြင်းလုပ်ငန်း၊ ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်းနှင့် ဆိပ်ခံဗောတံတား အနီးသောင်တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေကို အခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ဆောင်ရွက်တာဖြစ်ပြီး ၂၀၂၃-၂၄ဘဏ္ဍာနှစ်ရဲ့ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် အခုလိုအဆင့်မြှင့်တင်တာလို့လည်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက သိရပါတယ်။

၎င်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် အဆိုပြုလွှာများကိုတော့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ယနေ့ဇွန်၁၂ရက်နေ့မှာ စတင်ရောင်းချပေးနေပြီး ဇွန်၂၇ရက်နောက်ဆုံးထားကာ အဆိုပါဌာနသို့ ပြန်လည်တင်သွင်းရမယ်လို့ သိရပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ဟာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပုံဖော်တည်ဆောက်ထားတာဖြစ်ပြီး ဗဟုသုတရဖွယ်၊ လေ့လာဖွယ် ယဉ်ကျေးမှု ဥယျာဉ်တစ်ခုအဖြစ် တည်ရှိနေတာပါ။ ဒါ့အပြင် ရေနွေးငွေ့သုံးမီးရထားစက်ခေါင်း၊ သင်္ဘောစတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း လေ့လာနိုင်မှာဖြစ်သလို လမုတောဥယျာဉ်အတွင်း လမ်းလျှောက်၍လည်း ပဲခူးမြစ်ရဲ့ သဘာဝအလှတွေကိုပါ ခံစားနိုင်တယ်လို့ သိရပါတယ်။

တိုင်းရင်းသားကျေးရွာသို့ နေ့စဉ်အပန်းဖြေ လာရောက်သူများဖြင့် စည်ကားလျက်ရှိနေသလို ရုံးဖွင့်ရက်တွေမှာ ခရီးသွားဦးရေ ၄၀၀မှ၅၀၀ဦးထိရှိပြီး ရုံးပိတ်ရက်တွေမှာတော့ ခရီးသွားဦးရေ ၂၀၀၀ခန့်အထိ ဝင်ရောက်လည်ပတ်နေတယ်လို့ သိရပါတယ်။

ဒီအပြင် အပတ်စဉ် တနင်္ဂနွေနေ့တွေမှာဆိုရင် တိုင်းရင်းသားလူမျိုးများရဲ့ ရိုးရာအကအလှ သီဆိုဖျော်ဖြေမှု အစီအစဉ်သစ်များကို ပြုလုပ်ပေးနေပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တစ်လတစ်ကြိမ်ခန့် ပြင်ပမှမျက်လှည့်နှင့် ရုပ်သေးပညာရှင်များကို ဖိတ်ခေါ်ကာ ဖျော်ဖြေတင်ဆင်မှုများကိုပါ ပြုလုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ လည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့အတွက် လာရောက်အပန်းဖြေသူများ ပိုမိုဆွဲဆောင်နိုင်ဖို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေတာလို့ သိရပါတယ်။

#တိုင်းရင်းသားကျေးရွာ #MFN #MyanmarFutureNews


分享到: