> 首页 > MFN

ကြောက်ရောင်း၊ကြောက်ပြေးများမဖြစ်စေဖို့သတိထားရမယ့်မြန်မာ့ကားဈေးကွက်

ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ Semi Knocked Down(SKD)စနစ်နဲ့ Completely Knocked Down(CKD)စနစ်ဖြင့် တင်သွင်းထုတ်လုပ်ခြင်းအတွက် အကောက်ခွန်နှုန်းထားတွေကို ဖြေလျှော့ခဲ့ပြီးနောက် ကားဈေးကွက်အတွင်း စျေးနှုန်းတွေ ပြိုဆင်းလာနိုင်မလား၊ ကားဈေးများ ပြန်လည်ကျဆင်းလာနိုင်မလားလို့ စိုးရိမ်မှုတွေရှိလာလို့ ကြောက်ရောင်း၊ ကြောက်ပြေးများမဖြစ်စေဖို့ သတိထားရမယ်လို့ ကားဈေးကွက်နှင့် ထုတ်လုပ်ရောင်းချသူများ အသိုင်းအဝိုင်းက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်ခြင်း (SKD)စနစ်နဲ့ အလုံးစုံ တပ်ဆင်ထုတ်လုပ်ခြင်း (CKD)စနစ်ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားတွေကို ၂၀၂၃ခုနှစ်၊ ဇွန်လ၁ရက်နေ့မှ စတင်လို့ လာမယ့်၂၀၂၄ခုနှစ်၊ မေလ၃၁ရက်နေ့အထိ ဖြေလျှော့ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။

မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇အရမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား အကောက်ခွန်နှုန်းထား ဖြေလျှော့ခွင့်ပြုခဲ့တဲ့ အမိန့်ကြေညာစာများကို ပယ်ဖျက်၍ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အခုလို ကြေညာချက်အသစ်ထုတ် ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ထိုထုတ်ပြန်ချက်အရ အကောက်ခွန်ဦးစီးဌာနက 2000CCနှင့်အောက်၊ 2001CCနှင့်အထက် လူစီးမော်တော်ကားများအတွက် SKDစနစ်တွင် ယခင်၇ဒသမ၅ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းသို့လည်းကောင်း၊ CKDစနစ်တွင် ယခင်၅ရာခိုင်နှုန်းကနေ ၃ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချလိုက်တာဖြစ်ပြီး၊ သုံးဘီးမော်တော်ဆိုင်ကယ်နဲ့ သုံးဘီးကုန်တင်ယာဉ်တို့အတွက် ယခင်အခွန်နှုန်းထား ၃ရာခိုင်နှုန်းကနေ ၁ဒသမ၅ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်က ပြန်ကြည့်ရင်လည်း လက်ရှိကာလမှာ အခွန်နှုန်းထားတွေကို လျှော့ချလိုက်ပေမယ့် မော်ဒယ်မြင့်ကားတွေကိုသာ တင်သွင်းခွင့်ပြုထားခြင်း၊ ပြည်တွင်းထုတ် SKD/CKDကားတွေကို ထုတ်လုပ်မှု ရပ်ဆိုင်းထားခြင်းတွေ အပါအဝင် ယနေ့အထိကားပါမစ်ကိုလည်း ခွင့်ပြုထားခြင်းမရှိသေးသလို ကားစလစ်စျေးနှုန်းတွေလည်း မြင့်တက်နေလို့ စျေးကွက်အတွင်းမှာတော့ ကားစျေးကအကျဘက်သို့ မရှိနိုင်ဘဲ ယခုထုတ်ပြန်မှုဟာ ပြည်တွင်းကားစျေးကွက်ကို သိသိသာသာ ရိုက်ခတ်မှုတွေလည်း မရှိနိုင်ဘူးလို့ ကားလောကကျွမ်းကျင်သူတွေက တူညီစွာသုံးသပ်ပြောဆိုနေကြပါတယ်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က“လူစီးကားအတွက်ပဲပြောရင် ၇ဒသမ၅ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း၊ ၂ဒသမ၅ရာခိုင်းနှုန်းလောက် လျှော့လိုက်တာက အရမ်းကြီးသက်ရောက်မှု မရှိဘူး။ လက်ရှိကားဈေးကို အတွင်းကျကျ မသက်ရောက်နိုင်ဘူး။ SKDဆိုတာကလည်း ၁၃မျိုးလောက်တင်သွင်းရတာ။ အစိုးရဒေါ်လာ သတ်မှတ်ဈေး ၂၁၀၀နဲ့တွက်ပြီး သွင်းရင်လည်း အခုလျော့ပေးတာက အများကြီးကျသွားတာမဟုတ်ဘူး။ SKDတပ်ဆင် ထုတ်လုပ်တဲ့ Brandအချို့ကလည်း ဧပြီလကတည်းက စက်ရုံထုတ်ဈေးကို တင်ထားတာပေါ့။ ယခင်ကတည်းက စက်ရုံထုတ်ဈေးမြင့်တက်နေတာဆိုတော့ ဒေါ်လာဈေးနဲ့လည်း Applyမဖြစ်ဘူး။ ဒီလိုဖြစ်လာတော့ စားသုံးသူတွေပေါ့၊ ကြောက်ရောင်း၊ ကြောက်ပြေးများ မဖြစ်စေဖို့လိုပါတယ်”လို့ MFNသို့ ပြောပါတယ်။

ဒါ့အပြင်ပြည်တွင်းမှာ SKDကားတပ်ဆင်မှုဟာလည်း ယခင်ခွင့်ပြုပမာဏအောက် နှစ်အလိုက် ထုတ်လုပ်နိုင်မှု ၃၀ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်းသာ လျာထားလုပ်ကိုင်ခွင့် ပေးနေတာတယ်လို့ သိရှိရပါတယ်။

ဝါရင့်ကားဝယ်ရောင်း တစ်ဦးက“စာသေချာဖတ်ကြပါ၊ ကားသွင်းခွင့်မှ မဟုတ်တာ၊ အခွန်ဖြေလျှော့တာ ပယ်ဖျက်တာ၊ ဒေါ်လာမရှိဘဲ ကားသွင်းလို့မှမရတာ။ လူတွေလည်းကားကို အရင်လို ပိုက်ဆံရှိရုံနဲ့ မဝယ်နိုင်တော့ဘူး။ အခုကြေညာချက်ကြောင့် ကားရောင်းမယ့်သူတွေကလည်း ကြောက်နေကြတာ၊ အနိမ့်ဆုံးလက်ထဲသိန်း၂၆၀၊ ၃၀၀နီးပါးလောက် ရှိရင်တောင် ကားကောင်းရဖို့ ခက်နေကြတာ”လို့ သူ့အမြင်ကို ပြောပါတယ်။

ယနေ့ကာလရဲ့ ပြည်တွင်းကားစျေးကွက် အခြေအနေကို ပြန်ကြည့်ပါက လက်ရှိပြည်တွင်းမှာ ဒေါ်လာဈေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု အားနည်းသေးတာကြောင့် ပြည်တွင်းSKDကား ထုတ်လုပ်မှုလုပ်ငန်းတွေ ရပ်နားထားပြီး ကားဈေးတွေဟာလည်း အဆမတန် မြင့်တက်နေသလို လက်ရှိမှာလည်း ကားပစ္စည်းအစိတ်အပိုင်းတွေကို တင်သွင်းဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ပြည်တွင်း၌ SKDနှင့် CKDစနစ်အရ ထုတ်လုပ်တပ်ဆင်နေသည့် KIAကလည်း ဈေးကွက်လိုအပ်ချက် အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိသလို ကားလောကမှာ နာမည်ကြီးBrandတစ်ခုဖြစ်တဲ့ ဆူဇူကီးအပါအဝင် ပြည်တွင်းမှာ ကားထုတ်လုပ်နေတဲ့ စက်ရုံအချို့က ထုတ်လုပ်မှုတွေကို ယာယီရပ်နား ထားရပါတယ်။

အခုဖြေလျှော့မှုဟာလည်း စီးပွားရေးပြန်လည်တိုးတက်ကောင်းမွန်လာစေရေးနဲ့ ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပြုစေဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်မယ့် လောင်စာဆီသုံး ယာဉ်များSKDနဲ့ CKDစနစ်တို့နဲ့ တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားတွေကို ဖြေလျှော့ခွင့် ပြုလိုက်တာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ကားစျေးကွက် ကျွမ်းကျင်သူတစ်ဦးက“ကားဈေးကို တက်စေချင်လားဆို ဘယ်တက်စေချင်ပါ့မလဲ။ အတက်၊ အကျကြမ်းနေတဲ့ ဈေးကွက်ကို သက်ဆိုင်တဲ့ ဘယ်သူမဆို အများအားဖြင့် မကြိုက်ကြတာ ဓမ္မတာပဲလေ။ တည်ငြိမ်နေတဲ့ ကားစျေးကွက်ရှိနေမှသာ အရောင်းအဝယ် သဘောအရ လိုအပ်သူဝယ်၊ မလိုအပ်တဲ့သူ ရောင်းလို့ကုန်သည်အနေနဲ့ ဝယ်လှောင်၊ ပြန်ရောင်းစသဖြင့် အမြဲတည်တည်ငြိမ်ငြိမ်နဲ့ ထိုက်သင့်တဲ့ အမြတ်အစွန်းကိုသာ မျှော်ပြီး လုပ်ကိုင်ချင်ကြမှာ မလွဲဧကန်ပါပဲ။ ကားစျေးက နေ့တက်ညတက်ဆိုရင် ဝယ်ရောင်းတွေ အထင်အမြင် လွဲမှားသွားနိုင်သလို ကိုယ်စိုက်ထုတ်ထားတဲ့ အရင်းအနှီးမပျောက်မပျက်၊ မပွန်းမပဲ့သွားရအောင်တောင် မျက်ဖြူစိုက်၊ အသက်ရှုရပ်မတတ် လုပ်ကိုင်နေရတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်”လို့ ကားစျေးကွက်ရေးရာ ကျွမ်းကျင်သူ တစ်ဦးက သူရဲ့အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ယခု၂၀၂၃ခုနှစ်ပိုင်းအထိ ပြည်တွင်းကားစျေးနှုန်းတွေကို ပြန်ကြည့်ရင်အတော်ကို အံ့ဩစရာကောင်းလောက်ကို မြင့်တက်လာခဲ့တယ်လို့ ဆိုရမှာပါ။ ပြည်တွင်းကားဟောင်းနဲ့ ကားသစ်စျေးကွက်‌မှလည်း ကားအမျိုးအစားအပေါ် မူတည်ပြီး စျေးနှုန်းတွေဟာ ယခင်ထက် ထက်ဝက်ခန့်အထိ မြင့်တက်နေကာ အမြင့်ပိုင်းစျေးနဲ့သာ အရောင်း၊ အဝယ်တွေကို ပြုလုပ်နေကြပါတယ်။

#ကား#ကားဈေးကွက်#SKD#CKD#အကောက်ခွန်ဦးစီးဌာန#MFN#MyanmarFutureNews

分享到: