> 首页 > MFN

မြန်မာ - တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် Border Pass စာအုပ်အနီပြုလုပ်မှုမှာအလိမ်ခံနေရတာတွေရှိနေ

မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက် မူဆယ်-ရွှေလီအဝင်အထွက် လုပ်ရန်အတွက် တစ်နှစ်နေထိုင်ခွင့် နိုင်ငံကူးလက်မှတ် (Border Pass)စာအုပ်အနီ ပြုလုပ်ရာမှာ အလိမ်ခံရမှုတွေ ရှိနေတယ်လို့ မူဆယ်မြို့ ဒေသခံကုန်သည်များထံမှ သိရပါတယ်။

ယင်းစာအုပ်အနီကို လက်ရှိမူဆယ်ခရိုင်အတွင်း အိမ်ထောင်စုစာရင်းရှိသည့် နေထိုင်သူများကိုသာ လုပ်ဆောင်ပေးနေတာဖြစ်ပြီး အခြားဒေသမှ လာရောက်လုပ်ကိုင်သူများကို အချို့သောပွဲစားများမှ စာအုပ်အနီ လုပ်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

"မူဆယ်ခရိုင်အတွင်းမှာတောင် အိမ်ထောင်စုစာရင်းရှိတဲ့ သူတွေတောင်စာအုပ်အနီရဖို့ ခက်ခဲနေပါတယ်။ မူဆယ်မှာနေထိုင်တဲ့ ကုန်သည်တွေရော၊ ဌာနဆိုင်ရာဝန်ထမ်းတွေကအစ တရုတ်ပြည်အလည်အပတ် သွားဖို့အတွက်ကို စာအုပ်အနီရဖို့ ကုန်ကျစရိတ်မြင့်တာတွေ၊ နောက်ပြီးမရတဲ့သူတွေလည်း ရှိပါသေးတယ်။ အဲလိုအခြေအနေမှာ အခြားဒေသက လူတွေလာရောက်လုပ်တဲ့ အခါမှာ စာအုပ်နီရမယ် လုပ်ပေးမယ်ဆိုရင် ၉၉ရာခိုင်နှုန်းက လိမ်တာပဲ။ အလိမ်ခံရတဲ့သူက ၉၀ရာခိုင်နှုန်းရှိတယ်"လို့ မူဆယ်ဒေသခံကုန်သည်တစ်ဦးက MFNသီးသန့် ဆက်သွယ်မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

လိမ်လည်ရာမှာလည်း ပွဲစားအချို့မှ စာအုပ်အနီလုပ်ဖို့ ငွေကျပ်သိန်း၃၀ ကုန်ကျမှာဖြစ်ပြီး စရန်ငွေကျပ်၂သိန်း၊ ၃သိန်းယူပြီး စောင့်ဆိုင်းခိုင်းထားတာတွေ မူဆယ်မြို့မှာ များစွာရှိနေတယ်လို့ ၎င်းကဆိုထားပါတယ်။

"မူဆယ်မြို့နယ် လဝကရုံးသို့ အိမ်ထောင်စုပြောင်းရန် လာရောက်လျှောက်ထား သူရာချီရှိပြီး အိမ်ထောင်စု မရသေးလို့ အိမ်ခန်းငှားနေထိုင်နေသူ၊ တည်ခိုခန်းများမှာ စောင့်နေသူ လူထောင်ချီရှိနေပါတယ်။ အိမ်ထောင်စုပြောင်းရန် ကျပ်၁၅သိန်းခန့် လူလိမ်ကြားခံ ပွဲစားများမှ တောင်းယူလိမ်လည်တာတွေ၊ Onlineက အိမ်ထောင်စု/ မှတ်ပုံတင်အတုများ ပြုလုပ်ပေးတာတွေကြောင့် ပြည်သူများ ငွေကြေးဆုံးရှုံးပြီး အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်"လို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ မူဆယ်- ကျယ်ဂေါင်- ရွှေလီဂိတ်တွေကို လူဝင်ထွက်ခွင့်နဲ့ တရားဝင် ကုန်သွယ်ခွင့်ကိုပြီးခဲ့သည့် ဇန်နဝါရီ၈ရက်နေ့မှ စပြီး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မူဆယ်-ရွှေလီ အဝင်အထွက်အတွက် စာအုပ်အနီပြုလုပ်ပေးရာမှာလည်း မူဆယ်အိမ်ထောင်စုဇယား မူရင်း/မိတ္တူ၊ မှတ်ပုံတင်မူရင်း/မိတ္တူ၊ ဓါတ်ပုံ၄ပုံနဲ့အတူ ထပ်ထားပြီး စောင့်ဆိုင်းရတာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနယ်စပ်ဖက်မှ တရုတ်ဖက်သို့ Border Pass စာအုပ်အနီပြပြီး ဝင်ရောက်ရာမှာ တရုတ်နိုင်ငံဖက်မှ တင်းကျပ်မှုတွေ မရှိပေမယ့် မြန်မာဖက်မှ မူဆယ်ခရိုင်တစ်ခုကိုသာ စာအုပ်အနီခွင့်ပြုထားပြီး တင်းကျပ်မှုတွေ ရှိနေတယ်လို့ ဒေသခံကုန်သည်များထံမှ သိရပါတယ်။

"ဖြတ်သန်းခွင့် စာအုပ်အနီလို့ပြောရင် Border Pass ထုတ်ပေးတယ်ဆိုတာ မူဆယ်ခရိုင်အတွင်းပါ။ ဒါတောင်ချက်ချင်း မထုတ်ပေးသေးပါဘူး။ စိစစ်ပြီးမှ ထုတ်ပေးတာပါ။ တစ်ခါသုံးကတ်ကိုတော့ နှစ်နိုင်ငံဆွေးနွေးနေဆဲသာ ဖြစ်တယ်။ ထုတ်ပေးဖို့ မထုတ်ပေးဖို့ မသေချာသေးပါဘူး။ ဒါကိုတရုတ်မှာ အလုပ်လုပ်ဖို့ ပွဲစားတွေက စည်းရုံးနေတာတွေ တွေ့နေရတယ်။ ဒါတွေကို အရင်လေ့လာပြီးမှ လာသင့်မလာသင့် ဆုံးဖြတ်သင့်တယ်"လို့ MFNရဲ့ သီးသန့်ဆက်သွယ် မေးမြန်းတာကို မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက ဖြေကြားထားပါတယ်။

#မြန်မာ_တရုတ်#စာအုပ်နီ#နယ်စပ်#BorderPass#MFN#MyanmarFutureNews

分享到: