> 首页 > MFN

စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်ဖြင့် ယွမ် ၃ သိန်းတန်ဖိုးရှိ ဆိုလာလမ်းမီး နှင့် လမ်းမီးတိုင်အစုံ ၆၀ ကို YESC သို့ လွှဲပြောင်းပေးအပ်

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်း (Yunnan Provincial People’s Association For Friendship with Foreign Countries-YNPAFFC)က“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် (Yunnan Hand in Hand Program)”ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)သို့ ယွမ်၃၀၀,၀၀၀တန်ဖိုးရှိ ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်အစုံ၆၀တို့ကို ယနေ့ဩဂုတ်၂၉ရက်နေ့ နံနက်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လွှဲပြောင်းပေးအပ်ခဲ့တဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာOuyang Daobing၊Yunnan Commercial Representative Office in Myanmar၏Director Mr.Gao Weiနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်မှ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းထံသို့ ဆိုလာလမ်းမီးအစုံ (၆၀)လှူဒါန်းတဲ့အတွက် ယူနန်ပြည်နယ်ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်းကို ကျေးဇူးတင်ရှိပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာကြောင်း သိရှိခံစားရတဲ့အတွက် များစွာဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ အားကစားမောင်မယ်များအတွက် အထူးအကျိုးရှိပြီး ပြည်သူများမှာလည်း ထွန်းညှိထားတဲ့ လမ်းမီးများရဲ့ အလင်းရောင်ကြောင့် များစွာအဆင်ပြေ အကျိုးကျေးဇူးများများ ရရှိခံစားရမှာ ဖြစ်သလို အားကစားကွင်းမှာလည်း တင့်တယ်လှပနေမှာဖြစ်တယ်"လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက ပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာOuyang Daobingက "သူတစ်ပါးကို ကူညီပေးခြင်းက တရုတ်လူမျိုးတို့ရဲ့ ရိုးရာတစ်ခုဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွက် လှူဒါန်းမှု အမြောက်အများ ထောက်ပံ့ပေးပြီး မြန်မာပြည်သူတွေရဲ့ အခက်အခဲများ ဖြတ်ကျော်ကာ လူနေမှုဘဝမြင့်မား တိုးတက်လာဖို့ ကူညီပေးခဲ့ပါတယ်။ အခုလို ဆိုလာမီးအစုံများ လှူဒါန်းပေးမှုဟာ မြန်မာပြည်သူများ သွားလာမှုနဲ့ အားကစား လေ့ကျင့်ခန်းလုပ်သူတို့အတွက် အဆင်ပြေမှုတွေ ရှိနေပြီး လုံခြုံမှုကိုလည်း ခံစားရမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Yunnan Commercial Representative Office in Myanmar၏Director Mr.Gao Weiက"ရန်ကုန်သုဝဏ္ဏ အားကစားကွင်းမှာ ဆိုလာလမ်းမီးကို ရွေးချယ်သတ်မှတ်ပေးခြင်းကို ကျေးဇူးတင်ရှိပါတယ်။ လက်ရှိမှာ အဆိုပါ ဆိုလာလမ်းမီးကို အောင်မြင်စွာတပ်ဆင် အသုံးပြုနေပြီး ညပိုင်းတွင် သုဝဏ္ဏအားကစားကွင်းသို့ လာရောက်အားကစား ပြုလုပ်သူများအတွက်လည်း အလင်းရောင်ပေးရာတွင် ပိုမိုကောင်းမွန်တဲ့ အနေအထားကို ဖန်တီးနိုင်ပါတယ်။ အနီးအနား နေထိုင်သူများအတွက်လည်း ပိုမိုလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကိုလည်း နက်ရှိုင်းစေပါတယ်"လို့ဆိုခဲ့ပါတယ်။

YNPAFFCမှ လှူဒါန်းသည့် တန်ဖိုးအားဖြင့် တရုတ်ယွမ်၃သိန်းတန်ဖိုးရှိ ဆိုလာလမ်းမီးနှင့် ၆မီတာလမ်းမီးတိုင် အစုံ(၆၀)အနက် ဆိုလာလမ်းမီးနှင့် ၆မီတာလမ်းမီးတိုင်အစုံ (၅၀)ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း ပတ်လမ်းမှာ တပ်ဆင်ထားပြီးဖြစ်ပြီး ကျန်ဆိုလာလမ်းမီးနှင့် ၆မီတာလမ်းမီး တိုင်(၁၀)စုံကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (နေပြည်တော်)သို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ယင်းဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်အစုံ၆၀တို့ကို ယခုနှစ်ဖေဖော်ဝါရီလ ၁ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း ပတ်လမ်းမှာ တပ်ဆင်ခဲ့ပြီးတော့ ဖေဖော်ဝါရီ၁၄ရက်နေ့မှာ လုပ်ငန်းများပြီးစီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယူနန်ပြည်နယ်ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်းဟာ နှစ်နိုင်ငံပြည်သူတို့ရဲ့ ချစ်ကြည်ရေးနှင့် ညီအမမြို့တော် တည်ထောင်ခြင်းကို အသုံးပြုလျက် ၂၀၂၂ခုနှစ်၌ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာရှိ ၁၃နိုင်ငံမှာ"စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်"အပါအဝင် အခြားပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် သက်ဆိုင်သော ပရဟိတလုပ်ငန်း(၃၄)ခုတို့ကို အကောင်အထည်ဖော်ခဲ့ပြီး ရည်ရွယ်ချက်မှာ မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရဲ့ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းရှိ ပြည်သူများရဲ့ နေထိုင်မှုအရည်အသွေးနှင့် ပညာသင်ယူမှု အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းအသင်းအနေနဲ့ ဆိုလာလမ်းမီးများ လှူဒါန်းထောက်ပံ့မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံရှိ အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများမှာ အားကစားထူးချွန်ထက်မြတ်သော လူငယ်များ မွေးထုတ်နိုင်ဖို့ ရည်ရွယ်၍ ယူနန်ပြည်သူ့ပြည်ပ ချစ်ကြည်ရေးအသင်း (YNPAFFC)သည် ကျောင်းသားကျောင်းသူများအတွက် အားကစားလိုအပ်ချက်များ ဖြည့်ဆည်းပေးဖို့ ၂၀၂၂ခုနှစ်နိုဝင်ဘာလကလည်း မြန်မာနိုင်ငံပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ ယူနန်ပြည်နယ်စီးပွားရေး ကိုယ်စားလှယ်ရုံးတို့နဲ့ ပူးပေါင်းပြီး တရုတ်ယွမ်၉၆၇၀၅ဒသမ ၄၀တန်ဖိုးရှိ ခေတ်မီအားကစားပစ္စည်း၈မျိုးကို ရန်ကုန်ရှိ အခြေခံပညာကျောင်း၁၀ကျောင်းနဲ့ ကောလိပ်ကျောင်း၃ကျောင်းထံ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ဖြင်းဖြင့် အားကစားပစ္စည်းများ လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။

#ယူနန်#ဆိုလာမီး#ဆိုလာမီးတိုင်#YNPAFFC#လှူဒါန်း#MFN#MyanmarFutureNews

分享到: