> 首页 > MFN

လူမှုကွန်ရက်မှတဆင့်ဒေါ်လာရောင်းဝယ်နေသူတစ်ဦးကိုအရေးယူ

နိုင်ငံခြားသုံးငွေတရားမဝင်ရောင်းဝယ်မှုများနဲ့ပတ်သက်လို့သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များကလိုအပ်သလိုအသွင်ယူစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီးဖော်ထုတ်အရေးယူလျက်ရှိရာလူမှုကွန်ရက်မှတဆင့်ဒေါ်လာရောင်းဝယ်နေသူတစ်ဦးကိုအရေးယူထားတယ်လို့ဗဟိုဘဏ်မှထုတ်ပြန်ထားပါတယ်။

လူမှုကွန်ယက်စာမျက်နှာများဖြစ်သော“ဒေါ်လာDollar Buy/Sell Market and News”နှင့်“ယူရို၊ဒေါ်လာရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာEuro Dollar Trading Group”စသည့်Facebook Pageများမှတစ်ဆင့်အမေရိကန်ဒေါ်လာတစ်ဒေါ်လာနှင့်ညီမျှသောမြန်မာကျပ်ငွေအားတရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ကာတရားမဝင်ရောင်းဝယ်မှုများပြုလုပ်လျက်ရှိကြောင်းတွေ့ရှိရပြီးဩဂုတ်လ၂၈ရက်နေ့တွင်အဆိုပါFacebook Pageမှတစ်ဆင့်အမေရိကန်ဒေါ်လာရောင်းချသူတစ်ဦးကိုသက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးထိန်းသိမ်းခဲ့ကာလိုအပ်သည်များဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့လည်းဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါရောင်းဝယ်မှုများသည်တရားမဝင်ရောင်းဝယ်မှုများဖြစ်ပြီးနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်ညီညွတ်ခြင်းမရှိသလိုနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ၉အရနိုင်ငံတော်တွင်နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကိုနိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူများကသာဆောင်ရွက်ခွင့်ရှိပြီးနိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရရှိသူများသည်နိုင်ငံခြားငွေငွေသားနှင့်ခရီးသွားချက်လက်မှတ်များကိုသာရောင်းဝယ်ခွင့်ရှိတယ်လို့ဗဟိုဘဏ်ကဆိုပါတယ်။

ဒါ့အပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ်၁၅တွင်“ပြည်တွင်း၌နေထိုင်သူတစ်ဦးသည်တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့်အမေရိကန်ဒေါ်လာ၁၀,၀၀၀အထိသို့မဟုတ်ယင်းနှင့်ညီမျှသောငွေထက်မပိုသောနိုင်ငံခြားငွေများကိုလက်ခံရရှိသည့်နေ့မှ၆လအတွင်းကိုင်ဆောင်ခွင့်ရှိပြီး၆လကျော်သည်အထိအသုံးမပြုဘဲရှိနေသည့်နိုင်ငံခြားငွေများအားနိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင်ဈေးကွက်ပေါက်ဈေးဖြင့်ရောင်းချလဲလှယ်ခြင်းသို့မဟုတ်ဘဏ်စာရင်းသို့ထည့်သွင်းခြင်းဆောင်ရွက်ရမယ်လို့လည်းဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။

အများပြည်သူများအနေဖြင့်နိုင်ငံခြားမှမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိသည့်အခါတွင်မိမိနှင့်အတူပါလာသည့်နိုင်ငံခြားသုံးငွေများအားDeclarationပြုလုပ်ဆောင်ရွက်သွားရန်နှင့်တရားဝင်လိုင်စင်ခွင့်ပြုထားသောနိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူများနှင့်နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရရှိသူများထံတွင်သာနိုင်ငံခြားသုံးငွေများလဲလှယ်ဝယ်ယူရောင်းချသွားရန်အသိပေးထားပါတယ်။

分享到: