ဩဂုတ်လအတွင်းကဆန်ဈေးနှုန်းအနည်းငယ်ကျခဲ့ပေမယ့်အမြင့်ပိုင်းမှာသာရှိနေ
ပြည်တွင်းဆန်ဈေးကွက်မှာဩဂုတ်လတစ်လတာအတွင်းဆန်ချောဖြစ်တဲ့ရွှေဘိုပေါ်ဆန်းရှယ်ဟာဆိုရင်လက်ကားဒိုင်ဈေးကွက်အတွင်း၂၄ပြည်ဝင်တစ်အိတ်ကိုငွေကျပ်၁၂၅,၀၀၀ကနေဩဂုတ်လအလယ်မှာအမြင့်ဆုံးငွေကျပ်၁၄၅,၀၀၀အထိမြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင်မြောင်းမြပေါ်ဆန်းဆန်ဈေးဟာဆိုရင်ဩဂုတ်လအစမှာ၂၄ပြည်ဝင်တစ်အိတ်ငွေကျပ်၁သိန်းရှိရာကနေလလယ်မှာငွေကျပ်၁၁၅,၀၀၀အထိမြင့်တက်ခဲ့ကြောင်း၊ပေါ်ဆန်းရှယ်ဈေးမှာလည်းယင်းကာလအတွင်းငွေကျပ်၉၅,၀၀၀ကနေငွေကျပ်၁၁၀၀၀၀အထိရှိခဲ့ကြောင်းနဲ့ကြားပျံ(ရှယ်)မှာလည်းငွေကျပ်၁သိန်းကနေကျပ်၁၁၀,၀၀၀အထိမြင့်တက်မှုတွေရှိခဲ့ပါတယ်။
သို့ပေမယ့်ပြည်တွင်းဆန်ဈေးမြင့်တက်မှုကိုထိန်းချုပ်ရန်အရန်ဆန်များသက်သာစွာထုတ်ရောင်းပေးမှုကြောင့်ဩဂုတ်၂၈ရက်မှစတင်ကာဆန်ချောလက်ကားဒိုင်ဈေးကွက်မှာရွှေဘိုပေါ်ဆန်း၂၄ပြည်ဝင်တစ်အိတ်ကို၁၂၅,၀၀၀ကျပ်၊မြောင်းမြပေါ်ဆန်း၊ပေါ်ဆန်းနဲ့ကြားပျံရှယ်တို့မှာငွေကျပ်၁သိန်းသို့အသီးသီးပြန်လည်ရောက်ရှိခဲ့ပါတယ်။
ထိုနည်းတူဆန်ကြမ်းလက်ကားဈေးကွက်အတွင်းမှာလည်းရက်(၉၀)ဆန်၂၄ပြည်ဝင်တစ်အိတ်ကိုဩဂုတ်လအစမှာငွေကျပ်၇၆,၀၀၀မှာရှိနေပြီးဩဂုတ်လလယ်မှာငွေကျပ်၇၈,၀၀၀အထိမြင့်တက်ခဲ့ကာယင်းကာလမှာသီးထပ်ဆန်ရှယ်တစ်အိတ်လျှင်ငွေကျပ်၆၆,၀၀၀ကနေ၆၉,၀၀၀အထိမြင့်တက်ခဲ့ကြောင်းနဲ့ခွံနီရှယ်ဆန်တစ်အိတ်လျှင်ငွေကျပ်၈၅,၀၀၀ကနေ၉၈,၀၀၀အထိမြင့်တက်ခဲ့ပါတယ်။
ဩဂုတ်လကုန်ပိုင်းမှာတော့ ရက်(၉၀)ဆန်သာ ငွေကျပ်၇၈,၀၀၀ကနေ၇၂,၀၀၀အထိ ကျဆင်းခဲ့ပေမယ့် ကျန်သီးထပ်ဆန်ရှယ်နဲ့ခွံနီရှယ်ဈေးတွေကတော့ ယခင်ဈေးအမြင့်နဲ့သာရှိနေတယ်လို့ သိရပါတယ်။ အထက်ပါ ဈေးနှုန်းများအရ အချိန်နဲ့နေရာဒေသအပေါ်မူတည်ကာ အပြောင်းအလဲရှိနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ထုတ်ပြန်ထားပါတယ်။