> 首页 > MFN

တရုတ်နိုင်ငံအလည်အပတ် ၆ ည အိပ် ၇ ရက် တစ်ခါသုံးကတ်များနယ်စပ်ဂိတ် ၃ ခုမှာယနေ့စတင်ထုတ်ပေး

တရုတ်နိုင်ငံရွှေလီမြို့ အလည်အပတ်အတွက် ၆ညအိပ်၇ရက် သက်တမ်းရှိတစ်ခါသုံး ကတ်များကို မည်သည်တိုင်းနဲ့ ပြည်နယ်မှမဆို လူကိုယ်တိုင်မှတ်ပုံတင်မူရင်း ပါရှိပါက ယနေ့စက်တင်ဘာ၄ရက်မှ စတင်ပြီး နယ်စပ်ဂိတ်၃ခုမှာ လုပ်ဆောင်ပေးနေတယ်လို့ မူဆယ်အခြေစိုက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ပေးအပ်ရေးကွန်ယက်မှ သိရပါတယ်။

အဆိုပါ၇ရက်သက်တမ်းရှိ TBPတစ်ခါသုံးကတ်များကို တရုတ်နိုင်ငံရွှေလီမြို့ ဝင်/ထွက်ခွင့်အတွက် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ်တို့မှာ ယနေ့နေ့လယ်၁၂နာရီမှာ စတင်ပြုလုပ်ပေးနေတာဖြစ်ပြီး ယင်းကတ်ဟာ အလုပ်လုပ်ကိုင်ခွင့်တော့ မရှိဘူးလို့ အဆိုပါကွန်ယက်ထံမှ တာဝန်ရှိသူတစ်ဦးက MFNရဲ့ သီးသန့်ဆက်သွယ် မေးမြန်းတာကို ဖြေကြားထားပါတယ်။

"၇ရက်သက်တမ်းရှိတဲ့ ကတ်ကအလုပ်လုပ်ကိုင်ခွင့်တော့ မရပါဘူး။ အလည်အပတ်အနေနဲ့သာ ထုတ်ပေးတာဖြစ်ပါတယ်။ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ မည်သူမဆို အကန့်အသတ်မရှိ ထုတ်ပေးနေတာပါ"လို့ ၎င်းမှပြောကြားပါတယ်။

အဆိုပါ ၇ရက်သက်တမ်းရှိတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ အလည်အပတ်ကတ် ပြုလုပ်ရတဲ့ ကုန်ကျမှုမှာလည်း မြန်မာငွေကျပ် ၂၀၀၀သာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မူဆယ်-ရွှေလီဝင်ထွက်ခွင့်အတွက် နိုင်ငံကူးလက်မှတ် (Border Pass)စာအုပ်အနီကို ယခုနှစ်ဇန်နဝါရီလ စတုတ္ထအပတ်မှစပြီး မူဆယ်ခရိုင်အတွင်း အိမ်ထောင်စုစာရင်းရှိ သူများကိုသာ အလုပ်အကိုင်နှင့် အလည်အပတ်အတွက် ထုတ်ပေးနေခဲ့ရာ ယခုဩဂုတ်လ၂ရက်မှ စတင်ကာ ကွတ်ခိုင်ခရိုင်ရှိ မြို့နယ်၃ခုအတွင်း နေထိုင်သူများကို အလုပ်နှင့် သွားရောက်သူများမှအပ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သွားရောက်သူများအတွက် ထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။

တရုတ်ပြည်ရွှေလီမှာ တစ်နှစ်နေထိုင်ခွင့် စာအုပ်အပြာ ထုတ်ပေးမှုအပေါ်မှာတော့ တိကျခိုင်လုံတဲ့ သတင်းအချက်အလက်များ ထုတ်ပြန်ထားတာ မသိရှိရသေးကြောင်းလည်း အဆိုပါကွန်ယက်မှ ဆိုထားပြီး အလုပ်သမား MoUအတွက် နှစ်နိုင်ငံအဆင့် ဆွေးနွေးနေဆဲသာ ဖြစ်တယ်လို့ သိရပါတယ်။

#TBP#၇ရက်သက်တမ်းကတ်#မူဆယ်#ရွှေလီ#တရုတ်_မြန်မာ#ဝင်ထွက်ကတ် #MFN #MyanmarFutureNews

分享到: