> 首页 > MFN

နှစ်နှစ်ကျော်ရပ်ဆိုင်းခဲ့သည့်ယာဉ်မှန်/မမှန်စစ်ဆေးခြင်းကိုOnline Bookingစနစ်ဖြင့်ယနေ့ပြန်လည်စတင်

ကိုဗစ်-၁၉ကြောင့် နှစ်နှစ်ကျော်ရပ်ဆိုင်းခဲ့သည့် ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်စစ်ဆေးခြင်းနှင့် အခြားပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့စက်တင်ဘာ၆ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရှိရပါတယ်။

ကိုဗစ်-၁၉ကြောင့် ၂၀၂၁ခုနှစ်မတ်၂၂ရက်မှ စတင်ရပ်ဆိုင်းခဲ့ကာ ယနေ့မှစ၍ အဆိုပါယာဉ်စစ်ဆေးခြင်းလုပ်ငန်းများအတွက် ယာဉ်စစ်ရက်ချိန်းယူခြင်းကို Online Booking Systemဖြင့် ဝန်ဆောင်မှုပေးမယ်လို့ သိရှိရပါတယ်။

     ယာဉ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်စစ်ဆေးဆောင်ရွက်မယ့် လုပ်ငန်းအမျိုးအစားများအဖြစ် ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း (အင်ဂျင်ပြောင်း၊ ဆေးရောင်ပြောင်း၊ ကိုယ်ထည်ပြောင်း စသဖြင့်)၊ နယ်ဝင်မော်တော်ယာဉ်စစ်ဆေးခြင်း (မော်တော်ဆိုင်ကယ်မပါ)များ ဖြစ်တယ်လို့ကညနမှ သိရှိရပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရုံးများ၌လူစုလူဝေးအနည်းဆုံးဖြစ်စေရေး၊ လုပ်ငန်းလာရောက်ဆောင်ရွက်သူ ပြည်သူများအဆင်ပြေချောမွေ့စေရေး၊ လုပ်ငန်းများမြန်ဆန်စွာပြီးစီးရေးတို့အတွက် ယာဉ်စီးရေများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)တို့တွင် မော်တော်ယာဉ် ယာဉ်စစ်ရက်ချိန်းရယူခြင်းတို့အား www.rtad.gov.mm Websiteတွင် ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System)ကို စက်တင်ဘာ၅မှ စတင်၍ အနည်းဆုံးတစ်ရက်မှ အများဆုံး၁၀ရက်အထိ ကြိုတင်ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

ရုံးဖွင့်ရက်တစ်ရက်လျှင် နယ်ဝင်ယာဉ်စစ်ဆေးခြင်းနှင့် အခြားပြောင်းလဲခြင်း ယာဉ်စစ်ဆေးခြင်းတို့ကို နံနက် ၉နာရီ ၃၀မိနစ်မှ မွန်းတည့်၁၂နာရီအထိ နှင့်မွန်းလွဲပိုင်း ၁နာရီမှညနေ၄နာရီအထိ နှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ယာဉ်မှန်/မမှန်ယာဉ်စစ်ဆေးခြင်းကို မွန်းလွဲ၂နာရီနောက်ပိုင်းတွင်လည်းကောင်း ရုံးများအလိုက်လက်ခံဆောင်ရွက်ပေးမယ်လို့လည်း သိရှိရပါတယ်။

ဝါရင့်ကားဝယ်ရောင်းတစ်ဦးက“ရိုးသားစွာနဲ့စီးပွားရှာသူ၊ မရိုးမသားနဲ့ကိုယ်ကျင့်တရားမတည်မြဲသူတွေ တွေ့ပြီပေါ့။ ဖြတ်ဆက်ဖောက်စွပ်တွေကို passပေးဘူးလို့တော့ ကြားတာပဲ။ ကျွန်တော်ကတော့ တကယ့်ကားကိုင်နိုင်တဲ့ အင်ဂျင်နီယာကြီးတွေရဲ့skillတွေကို တွေ့ဖူးတာကြောင့် စောင့်ကြည့်ရမှာပေါ့”လို့ပြောပါတယ်။

ယင်းသို့မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်မည်ဖြစ်သဖြင့် ဖောက်စွပ်ယာဉ်ပြဿနာများပေါ်ပေါက်လာနိုင်တာကြောင့် လက်ရှိကားဝယ်လိုသူများအနေနဲ့ အဆိုပါအချက်ကို တတ်ကျွမ်းနားလည်သူများဖြင့် သေချာစွာစစ်ဆေးပြီး ဝယ်ယူဖို့လိုအပ်ကြောင်းလည်း ကားရောင်းဝယ်သူများကသုံးသပ်လျက်ရှိပါတယ်။


分享到: