> 首页 > MFN

မြန်မာ-ရုရှားနိုင်ငံပိုင်သတင်းဌာနများသတင်းအချက်အလက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းသဘောတူစာချုပ်ချုပ်ဆို

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို စက်တင်ဘာ၅ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ The Global New Light of Myanmar ၏ Board of Director ဥက္ကဋ္ဌ ဦးသက်ဆွေ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူး Mr.Vasily Pushkov တို့က လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက“ယခုကဲ့သို့ နိုင်ငံတကာ အဆင့်အတန်းမီပြီး ဂုဏ်သိက္ခာရှိသည့် သတင်းအေဂျင်စီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မြန်မာမီဒီယာသမားများအတွက် အားတစ်ခု ဖြစ်စေပြီး သတင်းရေးသားတည်းဖြတ်မှုများ၊ ဓာတ်ပုံရိုက်ကူးမှု နည်းပညာတို့ကိုပါ လေ့လာခွင့် ရရှိမည်ဖြစ်ပြီး၊ စာနယ်ဇင်း အတတ်ပညာဆိုင်ရာများကို နှစ်ဖက် အပြန်အလှန် လေ့လာခွင့်ရမှာလည်း ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စာတည်းမှူးချုပ်များ၊ SPUTNIK Information Agency အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Mr.Vasily Pushkov နှင့်အဖွဲ့ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် Rossiya Segodnya (Sputnik)နှင့် မြန်မာနိုင်ငံ၏အင်္ဂလိပ်သတင်းစာ The Global New Light of Myanmar တို့သည် ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးရည်ရွယ်ချက်ဖြင့် သတင်းမီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးအတွက် အခုလိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြတာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

SPUTNIK Information Agency ကို ရုရှားနိုင်ငံပိုင် Rossiya Segodnya (Russia Today) သတင်းဌာနက ၂၀၁၄ခုနှစ် နိုဝင်ဘာ၁၀ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ မော်စကိုမြို့တွင် အခြေစိုက်ဖြစ်တဲ့အပြင် ဝါရှင်တန်ဒီစီ၊ ကိုင်ရို၊ ပေကျင်း၊ ပါရီ၊ ဘာလင်၊ မက်ဒရစ်၊ မွန်တီဗီဒီယို နှင့် ရီယိုဒီဂျနေးယိုးမြို့တို့တွင် ဒေသဆိုင်ရာရုံးခွဲများ ဖွင့်လှစ်ထားကာ အဆိုပါ သတင်းအေဂျင်စီဝက်ဘ်ဆိုက်ကို တစ်လလျှင် ကြည့်ရှုသူ၆၆သန်းကျော်ရှိကြောင်းလည်း သိရှိရပါတယ်။

分享到: