အောင်မင်္ဂလာကားဝန်းမှာစည်းကမ်းမဲ့အငှားယာဉ်များမရှိစေဖို့Grabနှင့်Loyar Taxiကောင်တာများဖွင့်လှစ်ပြေးဆွဲပေးနေ
နယ်ဝေးမှ ရန်ကုန်မြို့သို့ လာရောက်ကြမည့် ခရီးသွားပြည်သူများနှင့် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ လုံခြုံစိတ်ချ အဆင်ပြေစေရန်နှင့် တက္ကစီအငှားယာဉ်များ စည်းကမ်းမဲ့ ပြေးဆွဲတာကို တားဆီးနိုင်ဖို့အတွက် အောင်မင်္ဂလာအဝေးပြေးကားဝန်းမှာ Grab နှင့် Loyar Taxi ကောင်တာ၂ခု ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးနေတယ်လို့ အောင်မင်္ဂလာအဝေးပြေးကားဝန်းကို ကြီးကြပ်နေတဲ့ YRTC ကော်မတီမှ သိရပါတယ်။
အဆိုပါ ကောင်တာ၂ခုကို ယခုစက်တင်ဘာလမှ စတင်ဆောင်ရွက်တာဖြစ်ပြီး ဘေးကင်းလုံခြုံဖို့အတွက် ယုံကြည်စိတ်ချရတဲ့ တက္ကစီအငှားယာဉ်မောင်းတွေနဲ့ပူးပေါင်းဆောင်ရွက်တာကြောင့် ခရီးသည်များလည်း အဆင်ပြေမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားတက္ကစီကားသမားများလည်း ကြိုက်နှစ်သက်ရာအဖွဲ့သို့အသင်းဝင်ကြဖို့လည်း တိုက်တွန်းလျက်ရှိနေတယ်လို့ အောင်မင်္ဂလာအဝေးပြေးကားဝန်းကြီးကြပ်သူYRTCကော်မတီဝင်တစ်ဦးက အခုလိုပြောဆိုထားပါတယ်။
"Taxi တွေက အရင်တုန်းက ဗျောက်သောက်နဲ့ စည်းမရှိ ကမ်းမရှိ သလို ဖြစ်နေတာ။ အဲ့ဒါတွေကို ရန်ကုန်Taxi အသင်းဆိုတာရှိတယ်။ အဲဒီအသင်းထဲကို ဝင်ခိုင်းပါတယ်၊ ပြီးမှမိမိကြိုက်နှစ်သက်ရာ Grabပဲဖြစ်ဖြစ်၊ လိုရာပဲဖြစ်ဖြစ် ဝင်ပါလို့ပြောထားတယ်။ အခုဆိုရင် သူ့နေရာနဲ့သူ စနစ်တကျရေးဆွဲပြီးတော့ ကားတွေ ရပ်ခိုင်းတယ်။ အလှည့်ကျစနစ် အစီအစဉ်အတိုင်းသွားခိုင်းတော့ ခရီးသည်တွေလည်း အဆင်ပြေတယ် စိတ်ချမ်းသာတယ်။ အရင်ကဆိုရင် ခရီးသည်တစ်ယောက်လာရင် ဝိုင်းလုနေတာ၊ အခုအဲဒါမျိုးတွေ မဖြစ်တော့ဘူး"လို့ ၎င်းကပြောဆိုထားပါတယ်။
အဆိုပါ ကောင်တာ၂ခုနဲ့ ဆောင်ရွက်ပေးမှုဟာ ခရီးသည်များ သက်တောင့်သက်သာ သွားလာနိုင်ပြီး သတ်မှတ်ဈေးနှုန်းများအတိုင်း သွားလာနိုင်တဲ့အတွက်အဆင်ပြေလျက်ရှိကြောင်း ၎င်းကဆိုထားပါတယ်။
လက်ရှိ Grab Taxi အနေဖြင့်လည်း အောင်မင်္ဂလာအဝေးပြေးကားဝန်းတွင် Taxiအစီးရေ ၁၇၀ကျော်ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်နယ်မှ လာရောက်သူများအနေဖြင့် Taxiငှားရမ်းလိုပါက ဖွင့်လှစ်ထားတဲ့ကောင်တာတွေကို သွားရောက်ကာ ငှားရမ်းနိုင်ပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်တယ်လို့လည်း သိရပါတယ်။