တရုတ်နှင့်ထိုင်းနယ်စပ်တို့မှသွင်းကုန်လိုင်စင်လျှောက်ထားမှုအတွက်ဘဏ်အထောက်အထားနဲ့ငွေစာရင်းရှင်းတမ်းတင်ပြမှုမလိုဘဲလိုင်စင်ခွင့်ပြုမယ်
တရုတ်နှင့်ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြည်တွင်းသို့သွင်းကုန်လိုင်စင်လျှောက်ထားမယ့် လုပ်ငန်းရှင်တွေအတွက် ကုန်စည်လိုင်းအမျိုးအစား အပေါ်မူတည်ကာ ဘဏ်အထောက်အထား(Credit Advice)နဲ့ ဘဏ်ငွေစာရင်းရှင်းတမ်း(Bank Statement) မူရင်းတို့ကို တင်ပြစရာမလိုဘဲ လိုင်စင်ခွင့်ပြုပေးမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရပါတယ်။ အဆိုပါ ဘဏ်အထောက်အထားများမလိုဘဲ လိုင်စင်ခွင့်ပြုပေးတာကိုတရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း ထုတ်ပြန်ချက်အရ သိရပါတယ်။
"လက်ရှိ ကျွန်တော်တို့ထံအကြောင်းကြားထားတာတော့ရှိပါတယ်။ သွင်းကုန်ကုန်စည်လိုင်းကိုတော့ မသိရသေးပါဘူး။ ချင်းရွှေဟော်နယ်စပ်စခန်းကနေ အစားထိုးသွင်းကုန်ပစ္စည်းတွေအတွက် ကုန်စည်လိုင်းဘယ်လိုအမျိုးအစားတွေကို လိုင်စင်ခွင့်ပြုပေးမယ်ဆိုတာ ဌာနဆိုင်ရာတွေ ဆွေးနွေးနေဆဲလို့ ကနဦး သိရှိရပါတယ်။ ဘဏ်အထောက်အထားများ ပြစရာမလိုတော့ ပိုပြီးလုပ်ငန်းရှင်တွေအနေနဲ့ အလုပ်ရှုပ်တာ သက်သာသွားတဲ့သဘောမျိုးပါပဲ။ ကုန်ခဲ့တဲ့ ဩဂုတ်၁ရက်ကစပြီး လူသုံးကုန်ပဲဖြစ်ဖြစ်၊ စားသောက်ကုန်ပဲဖြစ်ဖြစ်၊ စက်ပစ္စည်းပဲဖြစ်ဖြစ် ကုန်ပစ္စည်းသွင်းဖို့ သွင်းကုန်လိုင်စင်လျှောက်တဲ့အခါမှာ ဘဏ်စာရင်းဝင်ငွေရှင်းတမ်း အစရှိသဖြင့်ပေါ့နော် ဘဏ်မှာထောက်ခံချက်ယူရတဲ့သဘောမျိုးဆိုတော့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်ပိုသွားတာပေါ့။ အခုဟာက သိပ်ပြီး ထူးထူးခြားခြား ဖြေလျှော့ပေးတာတော့ မဟုတ်သေးပါဘူး"လို့ မြန်မာ-တရုတ်နယ်စပ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက MFNရဲ့သီးသန့်ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။
ထိုနည်းတူ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်မှာတော့ ဓာတ်မြေဩဇာ၊ သံနှင့်သံမဏိ၊ ဆိုလာအပါအဝင် စက်သုံးဆီ စတဲ့သွင်းကုန်ပစ္စည်းတွေကိုသာ ဘဏ်အထောက်အထားများ တင်ပြစရာမလိုဘဲ လိုင်စင်ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဝန်ကြီးဌာနအနေနဲ့ မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားလိုတဲ့ ကုမ္ပဏီများအနေဖြင့် မိမိတို့၏ဘဏ်ငွေစာရင်းကို ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်ကြောင်း (သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ်ယူထားကြောင်းတို့ကို သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့်အထောက်အထား (Credit Advice) နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတို့ကို တင်ပြရမည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သတ်သည့် သတင်းလွှာ(၁၀/၂၀၂၃) ဖြင့် ယခုနှစ်ကုန်ခဲ့တဲ့ ဇွန်လ၂၃ရက်က ထုတ်ပြန်ခဲ့ပြီး ၎င်းစည်းမျဉ်းတွေကို ဩဂုတ်လ၁ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၇၀/၂၀၂၃) ဆုံးဖြတ်ချက်အရ တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ထားမှုများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Trading အစီစဉ်မှ နိုင်ငံခြားငွေဝယ်ယူခွင့်လျှောက်ထားခြင်းကို ခွင့်မပြုပါသဖြင့် Credit Advice နှင့် Bank Statement (မူရင်း) တင်ပြရန်မလိုဘဲ လိုင်စင်ခွင့်ပြုပေးဖို့ကို လမ်းညွှန်မှုပြုခဲ့တယ်လို့ သိရပါတယ်။