> 首页 > MFN

ရန်ကုန်-မော်လမြိုင်ခရီးစဉ်ရထား၄စင်းအနက်၂စင်းကိုခရီးသည်နည်းပါးမှုကြောင့်ဖျက်သိမ်း

ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် အစုန်/အဆန် ရထား၄စင်းရှိတဲ့အနက်မှ ရထား၂စင်းကို ခရီးသည်စီးနင်းလိုက်ပါမှု နည်းပါးခြင်းကြောင့် စက်တင်ဘာ ၁၁ရက်မှ စတင်ကာ ဖျက်သိမ်းလိုက်တယ်လို့ မြန်မာ့မီးရထားတိုင်း (၇) ရန်ကုန်မှ သိရပါတယ်။ အဆိုပါ ရထား၂စင်းဟာ အမှတ်(၈၉) အဆန်ရထားနဲ့ အမှတ်(၉၀) အစုန်ရထားတွေ ဖြစ်ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်းက လေအိတ်ရထားတွဲဆိုင်းများအဖြစ် အသစ် ပြောင်းလဲခဲ့တဲ့ ရိုးရိုးတန်းတွဲ ၇တွဲ၊ အထက်တန်းတွဲ ၅တွဲနဲ့ ရထားထိန်းတွဲ ၁တွဲပါရှိကာ စီးနင်းခရီးသည် ၃၄၉ ဦးနဲ့အထက် တန်းစီးနင်း ခရီးသည် ၁၅၈ ဦးထိ ဝင်ဆံ့တဲ့ရထားတွေဖြစ်တယ်လို့ သိရပါတယ်။

ယင်းရထား၂စင်းကို ဖျက်သိမ်းလိုက်ပေမယ့်လည်း အမြန်လူစီးရထားတွေ ဖြစ်တဲ့ အမှတ်(၈၁) အဆန်၊ အမှတ်(၈၂) အစုန် ရထား၂စင်းနဲ့ စီးနင်းပြည်သူများအတွက် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်သလို တွဲဆိုင်းအား လေအိတ်ရထားတွဲဆိုင်း နှင့် ရိုးရိုး (AAR) တွဲဆိုင်းတို့ဖြင့် တစ်ရက်စီလှည့်၍ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့ မီးရထားတိုင်း (၇) ရန်ကုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ "ခရီးသည်နည်းလို့ ဖျက်သိမ်းလိုက်တာပါ။ သိုပေမယ့် ခရီးသည်တွေနဲ့ ကုန်စည်တင်ပို့သူတွေ ကုန်စည်တင်ရာမှာ အခက်အခဲ မဖြစ်အောင်လို့ ရိုးရိုးတွဲဆိုင်းတွေနဲ့ ဝန်ဆောင်မှုပေးပါတယ်။ လေအိတ်က ကုန်တင်လို့မရဘူး။ ရိုးရိုးကကုန်တင်လို့ရတယ်။ ဒါကြောင့် ကုန်စည်တန်ဆာတွေ အဆင်ပြေအောင် တစ်ရက်စီ အလှည့်ကျပြေးဆွဲပေးတာပါ"လို့ ၎င်းကဆိုပါတယ်။

လက်ရှိ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်မှာ အမှတ်(၈၁) အဆန် အမြန်လူစီးရထားဟာ ရန်ကုန်ဘူတာကြီးမှ နံနက်၆နာရီခွဲမှာ စတင်ထွက်ရှိမှာ ဖြစ်ပြီး အမှတ်(၈၂) အစုန် အမြန်လူစီးရထားဟာ မော်လမြိုင်ဘူတာကြီးမှ နံနက်၈နာရီခွဲမှာ စတင်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရထားလက်မှတ်များကို ယခင်အတိုင်း အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်၍ လည်းကောင်း ရောင်းချပေးသွားမှာ ဖြစ်ပြီး တိုးကြောင်ကလေး၊ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ မုပ္ပလင်၊ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း၊ တောင်စွန်း၊ နှင်းပုလဲ၊ သိမ်ဆိပ်၊ သထုံ၊ ရင်းငြိမ်၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမဘူတာများသို့ ရပ်တန့်ပေးသွားမယ်လို့လည်း သိရပါတယ်။

分享到: