> 首页 > MFN

တစ်နိုင်ငံလုံးကာကွယ်ဆေးလိုအပ်ချက်၏တစ်နှစ်စာသိုလှောင်ထားနိုင်မယ့်ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းအဆောက်အဦသစ်ဖွင့်လှစ်

ကာကွယ်ဆေးဝင်ဆံ့မှုအနေဖြင့် တစ်နိုင်ငံလုံးကာကွယ်ဆေးလိုအပ်ချက်၏ တစ်နှစ်စာ သိုလှောင်ထားနိုင်မယ့် ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း ၄ထပ်ဆောင် အဆောက်အဦအသစ်အား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)၌ ဖွင့်လှစ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။ ယခုအခါ ကာကွယ်ဆေးများအမျိုးအစား တိုးချဲ့ထိုးနှံလာခြင်းနှင့်အတူ အဆိုပါ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ရန် နေရာထပ်မံလိုအပ်သဖြင့် လက်ရှိ လေးထပ်ဆောင် အဆောက်အဦသစ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်းကာ ငွေကျပ် (၂ဒသမ၃) ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ကာ စက်တင်ဘာ၁၂ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) တွင် ကာကွယ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို အအေးလမ်းကြောင်း မပျက် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိရာ ယခုအခါ ကာကွယ်ဆေးမျိုးစုံကို အအေးလမ်းကြောင်း မပျက် စနစ်တကျ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမိုထိရောက်စွာ အားဖြည့်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ယခုဖွင့်လှစ်လိုက်သည့် ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းအဆောက်အဦအသစ်၏ လုပ်ငန်းများတွင် လိုအပ်သောပံ့ပိုးမှုများ အားလုံးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အဆောက်အဦသစ်တွင် ကာကွယ်ဆေးများ သိုလှောင်ထားရှိရန်အတွက် လူဝင်လမ်းလျှောက်နိုင်သော အအေးခန်း Walk In Cooler (၇)လုံး၊ အေးခဲခန်း Walk In Freezer (၄)လုံး ပါဝင်သည့်အခန်း၊ အပူချိန်အနုတ်(၈၀)ဒီဂရီ စင်တီဂရိတ်မှာ သိမ်းဆည်းသိုလှောင်နိုင်သည့် Ultra Cold Chain Freezer များ၊ ဆေးထိုးအပ်နှင့်ဆက်စပ်ပစ္စည်းများထားရှိရာ (Dry Store) အခန်း၊ ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ လူ(၄၀၀)ခန့် တက်ရောက်နိုင်သော သင်တန်းခန်းမ(၁)ခု နှင့် သင်တန်းသား(၅၀)ခန့် တည်းခိုရန်နေရာ၊ လူစီးဓာတ်လှေကားစနစ်(၁)ခု၊ ပစ္စည်းအတင်အချ ဓာတ်လှေကားစနစ်(၁)ခု၊ လျှပ်စစ်မီးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် 300kVA Back-up Generator မီးစက်(၂)လုံးနှင့် ဂါလံ(၁၀,၀၀၀)ဆံ့ ရေကန်တို့ပါရှိတယ်လို့ သိရှိရပါတယ်။

分享到: