တောင်ပြုံးအရှင်မင်းနှစ်ပွဲတော်သို့လာရောက်သူ၁သိန်းနီးပါးရှိ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ တောင်ပြုံးအရှင်မင်းနှစ်ပါးပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ ၁သိန်းနီးပါးရှိပြီး ကိုဗစ်-၁၉ကာလ မတိုင်မီနှစ်များကထက် ၂သိန်းနီးပါး လျော့ကျမှုရှိတယ်လို့ တောင်ပြုံးပွဲတော် ကျင်းပရေးကော်မတီထံမှ သိရပါတယ်။
ယခင်ကနှစ်စဉ် ပုံမှန်ကျင်းပမှုမှာ လာရောက်သူ၃သိန်းနီးပါးအထိ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ကာလဖြစ်တဲ့ ၂၀၂၀ပြည့်နှစ်နဲ့ ၂၀၂၁ခုနှစ်တွေမှာတော့ ပွဲတော်ကျင်းပမှု ရပ်နားထားခဲ့ကာ ၂၀၂၂ခုနှစ်မှာတော့ တောင်ပြုံးအရှင်မင်းနှစ်ပါး နတ်နန်းမှာသာ အကျဉ်းချုံးကျင်းပခဲ့တာကြောင့် ယခုနှစ်မှာ လာရောက်သူ လျော့နည်းခဲ့တယ်လို့ အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌဦးကျော်ကျော် ပြောပြချက်အရ သိရပါတယ်။
“ယခုနှစ်လာရောက်သူက ၁သိန်းဝန်းကျင်လောက်ပဲ ရှိတယ်။ ယခင်ပုံမှန်အတိုင်း ကျင်းပခဲ့စဉ်က ၃သိန်းနီးပါးလောက် လာရောက်ကြတယ်။ အခုဟာက ၃ပုံမှာ၂ပုံလောက် လျော့ကျသွားတယ်”လို့ ၎င်းကMFNရဲ့ သီးသန့်ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။
တောင်ပြုံးပွဲတော်ကို နှစ်စဉ်မြန်မာ သက္ကရာဇ်ဝါခေါင်လဆန်း ၈ရက်မှ၁၅ရက် (ဩဂုတ်၂၄ရက်မှ ဩဂုတ်လ၃၁ရက်)အထိ ၈ရက်တိုင် ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။
တောင်ပြုံးမင်းနှစ်ပါးရဲ့ နန်းထိန်းမိသားစု ရိုးရာပူဇော်ကန်တော့သည့် အစီအစဉ်များမှာ သြဂုတ်လ၂၆ရက်နေ့တွင် ပွဲကန်တော့ခြင်းနှင့် ညီလာခံအခမ်းအနား ကျင်းပခြင်း၊ ၂၇ရက်နေ့တွင် တောင်ပြုံးမင်းနှစ်ပါး ချိုးရေတော်သုံးခြင်း၊ ၂၈ရက်နေ့တွင် ၇ရက်သားသမီးများ ရိုးရာကန်တော့ပွဲ ထိုးပန်းဆက်သခြင်း၊ ၂၉ရက်နေ့တွင် ၇ရက်သားသမီးများ ရိုးရာထပ်ပွဲ/ တစ်ဝက်ပွဲများ ဆက်သခြင်း၊ ၃၀ရက်နေ့တွင် တောင်ပြုံးမင်းနှစ်ပါးအား ရိုးရာထန်းရည်ခါးနှင့် ယုန်ကင်နှစ်ကောင် ဆက်သခြင်း (ယုန်ကျင်းခြင်း)၊ ၃၁ရက်နေ့တွင် တောင်ပြုံးမင်းနှစ်ပါး၏ ရိုးရာထိန်ပင်ခုတ်ခြင်းနှင့် ပခန်းဦးမင်းကျော် ပြန်ပို့ခြင်းတို့ကို ကျင်းပသွားမှာဖြစ်ပြီး ဝါခေါင်လပြည်ကျော် ၁ရက်နေ့ဖြစ်တဲ့ စက်တင်ဘာလ၁ရက်နေ့မှာတော့ တောင်ပြုံးမင်းနှစ်ပါး၏ ပုံတော်နှင့် အဆောင်အယောင်များ ရွှေချခြင်း(ရွှေဘုံဆင်းခြင်း)စတဲ့ အစီအစဉ်များကို နံနက်၆နာရီမှ ည၆နာရီအတွင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#တောင်ပြုံး#တောင်ပြုံးပွဲတော်#နတ်ကိုးကွယ်သူ#တောင်ပြုံးမင်းနှစ်ပါး#MFN#MyanmarFutureNews