> 首页 > MFN

Guigang တွင် ဧက ၁၆၀၀ ကျော်ရှိ EV စက်မှုဥယျာဉ် တည်ဆောက်ပြီး အာဆီယံစျေးကွက်သို့ ထိုးဖောက်မယ်

      EVယာဉ်များကို အာဆီယံစျေးကွက်သို့ထိုးဖောက်တင်ပို့သွားရန်အတွက်ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိGuigangမြို့တွင်ဧက(၁၆၄၇ဒသမ၃၆၉)ရှိEVစက်မှုဥယျာဉ်တည်ဆောက်ပြီးစက်ရုပ်ဂဟေဆက်ခြင်းနည်းပညာဖြင့် ၃၆ စက္ကန့်အချိန်အတွင်းမှာ လျှပ်စစ်ဆိုင်ကယ်တစ်စီးနှုန်းတပ်ဆင်ထုတ်လုပ်လျက်ရှိပါတယ်။

      Guigangရှိ Gangbei ခရိုင်မှာတည်ရှိတဲ့တရုတ်-အာဆီယံစွမ်းအင်သစ် လျှပ်စစ်ယာဉ်ထုတ်လုပ်ရေး အခြေစိုက်စခန်းရှိ နည်းပညာစက်ရုံတစ်ခုဖြစ်သော Guangxi Luyuan Electric Vehicle Co.,Ltd သို့နိုင်ငံတကာမီဒီယာ သတင်းထောက် ၂၀ ကျော်နှင့်အတူ မြန်မာမီဒီယာကိုယ်စားပြုသတင်းဌာနတစ်ခုအဖြစ် MFN ကလည်းအောက်တိုဘာ၂၅ရက်က သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

ထိုနေ့တွင်ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီကော်မတီ၏သတင်းအချက်အလက်မျှဝေရေးဌာနနှင့်China News Service၏ ကွမ်ရှီးရုံးခွဲတို့ပူးပေါင်းစီစဉ်သည့်"Guangxi in the Eyes of International Media in 2023"အင်တာဗျူး အစီအစဉ်ကိုကျင်းပခဲ့ပြီးသတင်းထောက်များဟာယင်းစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကာဒေသတွင်းစွမ်းအင်သစ် လျှပ်စစ်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၏အရှိန်အဟုန်ကိုတွေ့မြင်ခဲ့ရပါတယ်။


လက်ရှိတွင် တရုတ်နိုင်ငံမှထုတ်လုပ်သောလျှပ်စစ်စက်ဘီးများသည်ကမ္ဘာမှာလူကြိုက်များလာပြီး လျှပ်စစ်စက်ဘီးများထုတ်လုပ်မှုဟာလည်း ဆက်လက်မြင့်တက်လာပါတယ်။ မဟာဗျူဟာကျသော ထွန်းသစ်စ စက်မှုလုပ်ငန်းများကို ရည်ရွယ်၍ Guigang သည်မြင့်မားသောစံနှုန်းများနှင့်အညီတရုတ်-အာဆီယံ စွမ်းအင်သစ် လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပါတယ်။ Aima၊ Luyuan၊ Tailg၊ Lima နှင့် Opai ကဲ့သို့သောနာမည်ကြီး ပြည်တွင်းမော်တော်ယာဉ်လုပ်ငန်းများနှင့် ပံ့ပိုးပေးသည့်လုပ်ငန်းပေါင်း၁၀၀ ကျော်သည်အခြေစိုက်စခန်းတွင်အခြေချလုပ်ဆောင်လျက်ရှိပါတယ်။


      လက်ရှိGuigangတွင်နှစ်စဉ်ထုတ်လုပ်မှု စွမ်းရည်မှာနှစ်ဘီးလျှပ်စစ်ယာဉ်အစီးရေ(၅,၀၀၀,၀၀၀)၊ သုံးဘီးလျှပ်စစ်ယာဉ်အစီးရေ (၅၀၀,၀၀၀)နှင့်အစိတ်အပိုင်းအစုံပေါင်း(၅,၀၀၀,၀၀၀)ရှိပြီးဒေသတွင်း ကြော်ငြာmatch rate၈၀ရာခိုင်နှုန်းအထိရှိလာပါတယ်။ထိပ်တန်းအဆင့်အစိတ်အပိုင်းများ ကိုက်ညီမှုနှင့်နည်းပညာဆိုင်ရာအားသာချက်တွေကြောင့်အဆိုပါအခြေစိုက်စခန်းဟာ စတုတ္ထမြောက် အကြီးဆုံးတရုတ်နိုင်ငံအခြေစိုက်EVယာဉ်ထုတ်လုပ်ရေးစခန်း ဖြစ်လာပါတယ်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(RCEP)ကိုအကောင် အထည်ဖော်ခြင်းကြောင့် သွင်းကုန်ကုန်ကျစရိတ်များလျော့ကျလာပြီးပို့ကုန် အခွင့်အလမ်းများတိုးမြင့်လာကာဒေသတွင်းစက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များဆောင်ကျဉ်းပေးခဲ့ပါတယ်။ 


      Guigang သည်ယွမ်၁၀၀ဘီလီယံတန်ဖိုးရှိစွမ်းအင်သစ်နည်းပညာသုံးယာဉ်နှင့်လျှပ်စစ်ယာဉ် စက်မှုလုပ်ငန်းအစုအဝေးကို တည်ထောင်ရန်အာရုံစိုက်ကာဧက(၁၆၄၇ဒသမ၃၆၉)ရှိသောလျှပ်စစ်ယာဥ◌်စက်မှုဥယျာဉ်ကို တည်ဆောက်သွားမှာဖြစ်ကာ“Guigang ထုတ် ကောင်းမွန်သော လျှပ်စစ်ယာဉ်များ”အမှတ်တံဆိပ်ကို မြှင့်တင်သွားမှာဖြစ်တယ်လို့ Guigang မြို့တာဝန်ရှိသူများကပြောပါတယ်။

“Luyuan ကွမ်းရှီးထုတ်လုပ်မှု အခြေစိုက်စခန်းဟာထုတ်လုပ်မှုလိုင်း၁၀ခုတည်ဆောက်ရန်စုစုပေါင်းယွမ်သန်း၄၀၀ ရင်းနှီးမြှုပ်နှံဖို့စီစဉ်ထားပြီးနှစ်စဉ်လျှပ်စစ်ယာဉ်အစီးရေသိန်း(၂၀) ထုတ်လုပ်သွားမှာဖြစ်ကာခန့်မှန်းခြေနှစ်စဉ်ထုတ်လုပ်မှုတန်ဖိုးယွမ်၅ဘီလီယံ ရှိမှာဖြစ်ပါတယ်”လို့ Guangxi Luyuan Electric Vehicle Co.,Ltd. ၏ HR Manager Zhu Xiaolan ကပြောပါတယ်။


၂၀၂၂ခုနှစ်တွင်Luyuanကွမ်းရှီးထုတ်လုပ်မှု အခြေစိုက်စခန်းမှလျှပ်စစ်ယာဉ်အစီးရေ(၅၂၀,၀၀၀)ကိုထုတ်လုပ်ခဲ့ပြီး၊ယခုနှစ်တွင်လျှပ်စစ်ယာဉ်အစီးရေ(၁၀)သိန်း ထုတ်လုပ်ရန်စီစဉ်ထားကာထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၁ ဒသမ ၅ ဘီလီယံ အထိ ရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။

“လက်ရှိအချိန်မှာ အရှေ့တောင်အာရှဟာလျှပ်စစ်မော်တော်ဆိုင်ကယ်များဖြင့်ဓာတ်ဆီနေရာမှာ လျှပ်စစ်အစားထိုး အသုံးပြုဖို့အဓိကထားလုပ်ဆောင်နေပါတယ်။ ဒါဟာတရုတ်နိုင်ငံထုတ် လျှပ်စစ်စက်ဘီးများအတွက် ကြီးမားသော အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အနာဂတ်မှာ ကွမ်းရှီးစက်ရုံရဲ့ဒေသတွင်းအားသာချက်တွေကိုအရှိန်မြှင့်ပြီးထိုင်းနဲ့ အင်ဒိုနီးရှားအပါအဝင်အာဆီယံနိုင်ငံများရဲ့စျေးကွက်ကိုထိုးဖောက်နိုင်ဖို့ Luyuan အနေနဲ့စီစဉ်လျက်ရှိပါတယ်”လို့ Zhu Xiaolan ကပြောကြားခဲ့ပါတယ်။


ပြည်တွင်းလျှပ်စစ်ယာဉ်လုပ်ငန်းများ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း(၁၀)ခုအနက်မှ တစ်ခုဖြစ်သည့် Opai လျှပ်စစ်ယာဉ် ထုတ်လုပ်ရေးဟာလည်း တရုတ်-အာဆီယံ စွမ်းအင်သစ်လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို အခြေပြုကာ ပြည်ပဈေးကွက်များနှင့် တက်ကြွစွာလိုက်လျောညီထွေရှိစေရန်နိုင်ငံခြားကုန်သွယ်မှုဌာနကိုတည်ထောင်၍ထိုင်း၊ဗီယက်နမ်၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊မလေးရှားနှင့်စင်ကာပူအစရှိသည့်နိုင်ငံပေါင်း၂၀ ကျော်သို့၎င်း၏ထုတ်ကုန်များကိုရောင်းချလျက်ရှိပါတယ်။

“ယေဘုယျအားဖြင့် ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကိုအရှေ့တောင်အာရှဈေးကွက်သို့လတိုင်းတင်ပို့ပါတယ်။ ဒီနှစ်မှာ လျှပ်စစ်ယာဉ်များထုတ်လုပ်မှုဟာ (၃၀၀,၀၀၀) ကျော်မယ်လို့ မျှော်မှန်းထားပါတယ်”လို့Guangxi Opai Electric Vehicle Co.,Ltdမှနည်းပညာဒါရိုက်တာDeng Boကပြောပါတယ်။


      ကွမ်ရှီးသည်အာဆီယံနှင့် ပင်လယ်ရေကြောင်း၊ကုန်းကြောင်းများဖြင့်ဆက်စပ်နေသည့်တရုတ်နိုင်ငံ၏တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီးတရုတ်နိုင်ငံအနောက်တောင်ပိုင်းအတွက်အဆင်ပြေဆုံးသော ပင်လယ်လမ်းကြောင်းလည်းဖြစ်ပါတယ်။

Guigang သည်ကွမ်ရှီး၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီးမြန်နှုန်းမြင့်မီးရထားများ၊အမြန်လမ်းများနှင့် အဆင့်မြင့်သောရေလမ်းကြောင်းများလည်းတည်ရှိနေပါတယ်။ Guigang ဆိပ်ကမ်းသည် ပုလဲမြစ်၏ ရေကြောင်းစနစ်အတွင်း တန်ချိန်သန်း၁၀၀ရှိသောပထမဆုံးကုန်းတွင်းဆိပ်ကမ်းဖြစ်ပြီး အနောက်တောင်ပိုင်းမှဟောင်ကောင်၊မကာအိုနှင့်အာဆီယံနိုင်ငံများသို့ ကုန်စည်တင်ပို့မှုအတွက်အဆင်ပြေဆုံးလမ်းကြောင်းများထဲမှတစ်ခုဖြစ်ပါတယ်။

ပိုမိုအဆင်ပြေသော သယ်ယူပို့ဆောင်ရေးကွန်ရက်၏အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လျှပ်စစ်ယာဉ်များအပါအဝင် အရည်အသွေးမြင့်ကွမ်ရှီးထုတ်ကုန်များ၏တင်ပို့မှုဟာ အရှိန်အဟုန်မြင့်တက်လျက်ရှိပါတယ်။


#EV #လျှပ်စစ်သုံးယာဉ် #Guangxi #Guigang #တရုတ်_အာဆီယံစွမ်းအင်သစ်လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်း #China_ASEANNewEnergyElectricVehicleProductionBase #MFN #MyanmarFutureNews





分享到: