ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၁၀၇ ဦးအား “Yuntianhua Scholarship”ပညာသင်ဆုချီးမြှင့်
မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ၁၀၇ဦးအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်“Yuntianhua Scholarship”ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်၁၅ရက်က နေပြည်တော်ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပညာသင်ဆုပေးအပ်ခြင်းဟာ Yuntianhua Groupမှ ပဉ္စမအကြိမ်မြောက်ပေးအပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှစီးပွားရေးသံမှူး Mr. Ouyang Daobing၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Yuntianhua အုပ်စုကုမ္ပဏီလီမိတက်၏ မြန်မာပြည်အခြေစိုက် Shwe Crop Nutrients Co.,Ltd.မှ ဒုတိယအထွေထွေမန်နေဂျာ Mr. Yuan Junနှင့် အဖွဲ့ဝင်များ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Yuntianhua ဟာ မြန်မာနိုင်ငံတွင် နှစ်အတော်ကြာလုပ်ငန်းများ လည်ပတ်နေပြီဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများထံ အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တင့်သော ဓာတ်မြေသြဇာများကို သယ်ဆောင်လာရုံသာမက မြန်မာနိုင်ငံရှိတစ်ခုတည်းသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ "Yuntianhua Scholarship"ကို တည်ထောင်ခြင်းဖြင့် လူ့အဖွဲ့အစည်းကို တက်ကြွစွာပံ့ပိုးကူညီပေးနေကာ မြန်မာနိုင်ငံ၏ စွမ်းရည်မြှင့်တင်ရေးနှင့် လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကူညီဆောင်ရွက်နေတာကြောင့် ယခုပညာသင်ဆုဟာ မြန်မာ့လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုသာမက ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် မွေးမြူရေးလုပ်ငန်း၏ အစာရေစာဖူလုံမှုကိုလည်း ပံ့ပိုးပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobingကလည်း“Belt and Road”ကိုအရည်အသွေးမြင့် ပူးတွဲတည်ဆောက်မှုနှင့် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူအသိုက်အဝန်း၏ နောက်ခံအောက်တွင်တရုတ်နှင့် မြန်မာတို့သည် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများ ရရှိခဲ့ပြီး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် Yuntianhua ဟာ ထင်ရှားသော ဥပမာဖြစ်ပါတယ်။ ဒါ့အပြင် ထူးချွန်ကျောင်းသားများက ၎င်းတို့၏ ဘဝအိပ်မက်များအား အကောင်အထည်ဖေါ်ရန်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးအတွက် အရည်အချင်းများ ပြုစုပျိုးထောင်ရာတွင် ကူညီပေးရန်အတွက် "Yuntianhua Scholarship"ကို တည်ထောင်ခဲ့ကာ Yuntianhua ၏ လူမှုရေးတာဝန်များကို တက်ကြွစွာဖြည့်ဆည်းပေးပြီး ဒေသခံလူ့အဖွဲ့အစည်းအား ပြန်လည်ပေးအပ်ခြင်း လုပ်ဆောင်ချက်များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် အထူးကျေးဇူးတင်ကြောင်းနှင့် သံရုံးအနေဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများအား မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန်၊ တရုတ်-မြန်မာကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်၊ ကဏ္ဍမျိုးစုံ၊ နည်းလမ်းမျိုးစုံမှ လူမှုရေးတာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးပြီး စိုက်ပျိုးရေးကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်တို့အတွက် ဆက်လက်အားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ Yuntianhua အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး ဆုရကျောင်းသားကိုယ်စားလှယ်များက အမှတ်တရ စကားပြောကြားခဲ့ပါတယ်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(YAU)မှ စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆုနှင့်ထူးချွန်ဆုများ ပေးအပ်ခြင်းဆိုင်ရာပညာသင်ဆုသဘောတူညီ စာချုပ်ကို YAUနှင့် Yuntianhua Group Co.,Ltd.တို့က ၂၀၂၃ခုနှစ်ဩဂုတ်လ၉ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး Yuntianhuaအုပ်စု ကုမ္ပဏီလီမိတက်အနေဖြင့် ပညာသင်ဆုများကို ၂၀၁၇ခုနှစ်မှ ၂၀၁၉ခုနှစ်အထိပညာသင်နှစ် သုံးနှစ်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၂၉၀၀၀နှင့် ကျောင်းသားကျောင်းသူစုစုပေါင်း ၁၆၂ဦးကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ၁၃၂ဦးကို လည်းကောင်း၊ ယခု၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၁၀၇ဦးကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Yuntianhua သည် "Belt and Road" တည်ဆောက်မှုတွင်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပြီး မြန်မာ့လယ်ယာကဏ္ဍ ခေတ်မီတိုးတက်ရေး လုပ်ငန်းစဉ်တွင် တရုတ်စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ဝတ္တရားများကို“အချက်၃ချက်”ဖြင့် ဖြည့်ဆည်းပေးကာ ကောင်းမွန်သော နိုင်ငံတကာပုံရိပ်ကို ဖော်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ပထမအချက်မှာ မြန်မာ့လယ်ယာဈေးကွက်ကို ထဲထဲဝင်ဝင်ဆက်လက်လေ့လာ ဖော်ထုတ်ရန်ဖြစ်ကြောင်း၊ Yuntianhua သည် မြန်မာနိုင်ငံဈေးကွက်တွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ၂၅နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ဓာတ်မြေသြဇာများကို အစောဆုံး၊ အရေအတွက်အများဆုံးနှင့် လူကြိုက်အများဆုံး အမှတ်တံဆိပ်များ တင်ပို့ရောင်းချသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ Yuntianhua ၏ ဓာတ်မြေသြဇာအမှတ်တံဆိပ် နှစ်ခုဖြစ်သည့် "Sanhuan"နှင့်"Huashan"တို့သည် မြန်မာနိုင်ငံဈေးကွက်တွင် လူသိများသော အမှတ်တံဆိပ်များဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယအချက်မှာ မြန်မာ့လယ်ယာစိုက်ပျိုးမှု အဆင့်မြှင့်တင်ရေးတွင် ဆက်လက်ကူညီရန်ဖြစ်ပြီး အပင်များတွင် ဓာတုဒြပ်ပေါင်းများ၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း ဝန်ဆောင်မှုအဆင့်ကို ဆက်လက်မြှင့်တင်ရန်၊ မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာသရုပ်ပြကွင်းများ ဆောက်လုပ်ရန်၊ ကျေးရွာနှင့်မြို့များတွင် တောင်သူလယ်သမား အသင်းအဖွဲ့ လှုပ်ရှားမှုများဆောင်ရွက်ရန်နှင့် အမှတ်တံဆိပ်မြှင့်တင်ရေး ပုံစံအမျိုးမျိုးဆောင်ရွက်ရန်တို့ ဖြစ်တယ်လို့ သိရပါတယ်။
တတိယအချက်မှာ မြန်မာ့စိုက်ပျိုးရေးနည်းပညာ စွမ်းရည်ပျိုးထောင်မှုကို ဆက်လက်မြှင့်တင်ရန်ဖြစ်ပြီး Yuntianhua Scholarship" နှင့် "Yuntianhua Study Abroad Fund"တို့ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၂၄ခုနှစ်အထိ Yuntianhuaသည် မြန်မာနိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှပါရဂူ၊ ဘွဲ့လွန်နှင့်ဘွဲ့ကြိုကျောင်းသား ၄၀၀ဦးခန့်အား"Yuntianhua Scholarships"ပေးအပ်ခဲ့ကာ ရေဆင်းတက္ကသိုလ်မှ ဆရာ၊ဆရာမနှင့် ကျောင်းသား၃၉ဦးနှင့် ယူနန်စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ဆရာမနှင့် ကျောင်းသား၃၂ဦးတို့သည် "Yuntianhua Study Abroad Fund"၏ ပံ့ပိုးကူညီမှုဖြင့် အပြန်အလှန်ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
#ပညာသင်ဆု #Yuntianhua #YuntianhuaScholarship #YuntianhuaScholarship #YuntianhuaStudyAbroadFund #မြန်မာ #တရုတ် #MFN #MyanmarFutureNews
(သတင်းများကိုMFNတယ်လီဂရမ်https://t.me/myanmarfuturenewsတွင်လည်းဖတ်ရှုနိုင်ပါသည်။)