မြန်မာသင်တန်းသားများ ပေါင်ဆန်းတွင် "ကော်ဖီရတနာရှာခြင်း" အိပ်မက်ကို အကောင်အထည်ဖော်လျက် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာ
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ နံနက်ခင်းတွင် ပေါင်ဆန်းနည်းပညာကောလိပ်၏ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်း ကောလိပ်တွင် ကော်ဖီမွှေးရနံ့များ ပျံ့နှံ့နေပါတယ်။ မြန်မာနိုင်ငံအနှံ့မှ လူငယ်သင်တန်းသား ၂၈ ဦးဟာ စိတ်လှုပ်ရှားစွာဖြင့် စာသင်ခန်းထဲသို့ဝင်ရောက်လာကြပါတယ်။ ယခုကျင်းပမည့် "၂၀၂၅ ခုနှစ် တရုတ်မျိုးနွယ်လူငယ် လုပ်ငန်းကျွမ်းကျင်မှုသင်တန်း" ဖွင့်ပွဲအခမ်းအနားတွင် ကော်ဖီကို ကြားခံအဖြစ်အသုံးချ၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ် "ပေါက်ဖော်" သမိုင်းကဏ္ဍသစ်ကို ဆက်လက်ရေးသားကြမှာ ဖြစ်ပါတယ်။
ကော်ဖီ ရနံ့ဖြင့် ပူးပေါင်းဆောင်ရွက်ရေး ခရီးလမ်းဆီသို့ ဖိတ်ခေါ်ခြင်း
ကော်ဖီဟာ ကမ္ဘာလုံးဆိုင်ရာ အဖျော်ယမကာတစ်ခုဖြစ်ပြီး သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို သယ်ဆောင်ကာ တရုတ်-မြန်မာနှစ်နိုင်ငံမြေပေါ်တွင် အမြစ်တွယ်ဖွံ့ဖြိုးလျက်ရှိပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ အထူးသဖြင့် ပေါင်ဆန်းပြည်နယ်ခွဲသည် သဘာဝအရင်းအမြစ်များ၏ အားသာချက်ဖြင့် "အရသာ ခပ်ပြင်းပြင်းနှင့် ခါးသက်မှုမရှိဘဲ မွှေးကြိုင်ပြီး သဘာဝအက်စစ်ဓာတ်အနည်းငယ်ပါဝင်သည့်" "ပေါင်ဆန်း ကော်ဖီစေ့” ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစုကတည်းက ကော်ဖီစိုက်ပျိုးမှု သမိုင်းရှိခဲ့ပြီး ယခုအခါ စိုက်ပျိုးဧရိယာများ တိုးချဲ့လာကာ ကော်ဖီသောက်သုံးမှုဈေးကွက် ပိုမိုတွင်ကျယ်လာပြီး ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် ကော်ဖီဆိုင်များ အမြောက်အမြားပေါ်ထွက်လာကာ ကော်ဖီလုပ်ငန်း၏အနာဂတ်မှာလည်း တောက်ပလျက်ရှိပါတယ်။
အဆိုပါ သင်တန်းကို မြန်မာကော်ဖီလုပ်ငန်းအတွက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန်ရည်ရွယ်၍ ယူနန်ပြည်နယ် ပင်လယ်ရပ်ခြား ချစ်ကြည်ရေးအသင်းမှ ဦးဆောင်ကာ ပေါင်ဆန်းပြည်နယ်ခွဲ ပင်လယ်ရပ်ခြား ချစ်ကြည်ရေးအသင်းမှ အကောင်အထည်ဖော်ပြီး ပေါင်ဆန်းအလုပ်သမားသမဂ္ဂနှင့် ပေါင်ဆန်းနည်းပညာကောလိပ်တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ဂရုတစိုက်ပြင်ဆင်လျက် အတတ်ပညာများကို စေတနာဖြင့် မျှဝေခြင်း
ပေါင်ဆန်းနည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဝမ်ဟုန်ဟွာက မိန့်ခွန်းတွင် ဤသင်တန်းမှာ ကော်ဖီအခြေခံ သီအိုရီ၊ ကော်ဖီအရသာချိန်တွယ်ခြင်း၊ ကော်ဖီဆန်အစိမ်းကုန်ကြမ်းထုတ်လုပ်ခြင်း၊ ကော်ဖီလှော်ခြင်း၊ ကော်ဖီပစ္စည်းများနှင့် ကိရိယာများအကြောင်း၊ ကော်ဖီဖျော်နည်း (ကြိတ်ခြင်း)၊ အီတာလျံဟန် ကော်ဖီပြုလုပ်နည်း၊ ရိုးရာအဖျော်ယမကာများနှင့် အထူးဖျော်ရည်များ ပြုလုပ်နည်းစသည့် ဘာသာရပ်မျိုးစုံပါဝင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ကျောင်းမှ နာမည်ကြီးဆရာများက သီအိုရီသင်ကြားခြင်း၊ လက်တွေ့လုပ်ဆောင်မှု နမူနာများ ပြသခြင်းနှင့် သင်တန်းသားများကိုယ်တိုင် လေ့ကျင့်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် မြန်မာသင်တန်းသားများအနေဖြင့် ဒေသတွင်းရှိ ကော်ဖီလုပ်ငန်းများ၊ ကော်ဖီခြံများနှင့် အထူးကော်ဖီဆိုင်များသို့ သွားရောက်လေ့လာနိုင်မှာဖြစ်ပြီး နည်းပညာမှ လုပ်ငန်းလည်ပတ်မှုအထိ စုံလင်စွာ လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။
ပေါင်ဆန်းနည်းပညာကောလိပ်၏ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းကောလိပ်မှ ကျောင်းအုပ်ကြီး လျှိုဖင်းက ကော်ဖီစေ့စိုက်ခင်းမှ စက်ရုံတွင်း အဆင့်မြင့်ပြုပြင်မှု၊ ဈေးကွက်တွင် ထုတ်ကုန်များရောင်းချနိုင်သည်အထိ သင်တန်းသားများ ကော်ဖီနှင့်ပတ်သက်သည့် ကဏ္ဍအသီးသီးတွင် သက်ဆိုင်သော လုပ်ကိုင်မှုစွမ်းရည်များကိုပိုင်နိုင် မည်ဖြစ်ကြောင်း၊ ဤသင်တန်းမှ ပို့ချသောသင်ခန်းစာများမှတစ်ဆင့် ကျောင်းသားများသည် သီအိုရီဗဟုသုတနှင့် လက်တွေ့ပညာအပါအဝင် ဘက်စုံကျွမ်းကျင်သော ထူးချွန်သူများဖြစ်လာမည်ဖြစ်ကြောင်း ရွှေဇာမဏီသတင်းဌာန ကို ပြောပါတယ်။
ကျောင်းသားများအိပ်မက်ကို အကောင်အထည်ဖော်ပြီး လုပ်ငန်းအနာဂတ်ကို အတူဖန်တီးခြင်း
ဤသင်တန်းတွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ သင်တန်းသား ၂၈ ဦး ပါဝင်ပြီး သင်တန်းကာလမှာ ၁၀ ရက်ခန့်ကြာမြင့်ခဲ့ကာ နောက်ပိုင်းတွင် မြန်မာသင်တန်းသားများ ကော်ဖီကျွမ်းကျင်မှုများ သင်ယူနိုင်ရန် အလားအလာရှိသည့် သင်တန်းများကို ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင်ဆရာမ ပေါက်ချွေ့ဖျင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် အခြားအခက်အခဲများ ရှိသော်လည်း ပေါင်ဆန်းပြည်နယ်ခွဲသို့ လာရောက်သင်တန်းတက်သည့် မြန်မာသင်တန်းသားများ၏ စိတ်အားထက်သန်မှုမှာ အထူးမြင့်မားပြီး ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် စိတ်ဓာတ်များ ပြင်းပြမှုရှိကြကြောင်း ပြောပြခဲ့ပါတယ်။
“ကျွန်တော်က ပေါင်ဆန်းပြည်နယ်ခွဲကို ဒုတိယအကြိမ်လာတာပါ။ အရင်က မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒီမှာကျင်းပတဲ့ ကော်ဖီဖလှယ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ရန်ကုန်မှာ ကော်ဖီဆိုင် ၂ ဆိုင်ဖွင့်ထားတယ်။ ဒီတစ်ခါ လာတာက ပေါင်ဆန်းကော်ဖီစေ့အကြောင်း နက်နက်နဲနဲလေ့လာချင်လို့ပါ။ ပေါင်ဆန်းကော်ဖီစေ့နဲ့ မြန်မာနိုင်ငံဈေးကွက်ကို ထိုးဖောက်ချင်တယ်။ ပေါင်ဆန်းကော်ဖီစေ့ကို အနည်းငယ် သို့မဟုတ် အလယ်အလတ်လှော်လိုက်ရင် သစ်သီးနံ့နဲ့ ပန်းနံ့တွေပါတဲ့ သူ့ရဲ့ထူးခြားတဲ့ရနံ့ကြောင့် မြန်မာဈေးကွက်မှာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” လို့ ရန်ကုန်မှ Derek Chan Chan က ရွှေဇာမဏီသတင်းဌာန ကို ပြောပါတယ်။
မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ ဇော်ဝင်းဦး က ၎င်း၏ဒေသရာသီဥတုသည် ပေါင်ဆန်းနှင့် ဆင်တူပြီး မြေပေါများသောကြောင့် ကော်ဖီစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းစနစ်များကို သင်ယူရန် လာရောက်ခြင်းဖြစ်ကာ ပညာတတ်မြောက်ပြီးပါက မြန်မာနိုင်ငံတွင် ၎င်း၏ ကော်ဖီစေ့များကို ပြည်တွင်း၌ ရောင်းချသွားမယ့်အပြင် ပေါင်ဆန်းသို့လည်း ပြန်လည်တင်ပို့ရောင်းချမှာဖြစ်ကြောင်း ပြောပါတယ်။ နန့်ခမ်းဟွာချောင်ဗုဒ္ဓကျောင်းမှ ကိုယ်စားလှယ်ဆရာ ရန်ယုံချင်းကလည်း ကော်ဖီလုပ်ငန်းကို အထူးစိတ်ပါဝင်စားမှုရှိပြီး ဤသင်တန်းသည် အနာဂတ်အတွက် ပို၍များပြားသော အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောပါတယ်။
ကော်ဖီရနံ့ဖြင့် ပိုမိုနက်ရှိုင်းလာသော ပေါက်ဖော် ချစ်ခင်ရင်းနှီးမှု
"ပေါင်ဆန်းပြည်နယ်ခွဲက မိတ်ဆွေများက အပြည့်အစုံ ပြင်ဆင်ထားပြီး အဆင်သင့်ဖြစ်နေပါပြီ။ ဒီသင်တန်းကတစ်ဆင့် တရုတ်-မြန်မာ ကော်ဖီလုပ်ငန်းအတွက် တောက်ပသောအနာဂတ်ပေါ်ထွန်းလာပြီး 'ပေါက်ဖော်' ချစ်ကြည်ရေးသည်လည်း ကော်ဖီသောက်ပြီး နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော နူးညံ့တဲ့အချိုဓာတ်ပါးပါးလေးကဲ့သို့ အရသာခံလေလေ ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သောစကားဟာ စိတ်ရင်းမှန်ကိုပေါ်လွင်နေပါတယ်။
ဤသင်တန်းသည် မြန်မာသင်တန်းသားများအတွက် ကော်ဖီကျွမ်းကျင်မှုများ သင်ယူနိုင်သည့်အခွင့်အရေး ပလက်ဖောင်းတစ်ခုဖြစ်ရုံသာမက တရုတ်-မြန်မာ ကော်ဖီလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးအတွက် တံတားသစ် တစ်စင်းကိုလည်း ဖန်တီးပေးလိုက်ခြင်းဖြစ်ကာ သင်တန်းကာလရှည်ကြာလာသည်နှင့်အမျှ သင်တန်းသားများသည် ကျွမ်းကျင်သောအသိပညာနှင့် အတတ်ပညာများ ရရှိလာပြီး မြန်မာ့ကော်ဖီလုပ်ငန်းအတွက် ခွန်အားသစ်များ ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အချိန်တွင် ဤမွှေးကြိုင်သော ကော်ဖီရနံ့သည် နယ်စပ်များကို ကျော်လွန်ကာ Win-Win ပူးပေါင်းဆောင်ရွက်မှု၏ လှပသော မျှော်မှန်းချက်များကို သယ်ဆောင်လာလျက် နှစ်နိုင်ငံ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ကော်ဖီလုပ်ငန်းသည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အလှတရားသစ်ဖြစ်လာမည်မှာ သေချာပြီး "ပေါက်ဖော်" ချစ်ကြည်ရေးသည်လည်း ကော်ဖီ၏မွှေးရနံ့ကြားတွင် ပိုမိုနက်ရှိုင်း၍ ခိုင်မာလာမည်ဟု ယုံကြည်မိပါသည်။
#ကော်ဖီ #ပေါင်ဆန်း #ယူနန် #ကော်ဖီရတနာရှာခြင်း #Yunnan #Baoshan #Coffee #China_Myanmar #MFN #MyanmarFutureNews
MFN သတင်းများအားအောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook – https://www.facebook.com/myanmarfuturenewsagency
Telegram – https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN