“တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ရေးဆွေးနွေးပွဲ” ကျင်းပခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုး
“၂၀၂၅ ခုနှစ် လက်တွဲ၍ အကျိုးတူဖြစ်ထွန်းစေခြင်း - တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ရေးဆွေးနွေးပွဲ” (2025 Join Hands to achieve mutual benefits : China-Myanmar Economic and Trade Cooperation Matching Exchange Conference) ကို စက်တင်ဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ နန်နင်းမြို့ရှိ Jiayang Bitian Hotel ၌ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ယင်းဆွေးနွေးပွဲကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံရှိ ကွမ်ရှီးကုန်သည် လုပ်ငန်းရှင်များအသင်းချုပ် နှင့် မြန်မာကုန်သွယ်ရေးစင်တာတို့က ပူးပေါင်းဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနား၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် ရှိရင်းစွဲနှင့် အသစ်ပေါ်ပေါက်လာသော နယ်ပယ်များတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများ တည်ဆောက်ခြင်း၊ စီမံကိန်းပူးပေါင်း ဆောင်ရွက်မှုများ တွန်းအားပေးခြင်း၊ မူဝါဒဆိုင်ရာ အခွင့်အလမ်းများ ရှင်းပြခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုအခက်အခဲများ ဖြေရှင်းခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံရေး နက်ရှိုင်းစေခြင်း စသည့် ရည်ရွယ်ချက်ငါးခုအပေါ် အဓိကထား၍ ဆောင်ရွက်ခဲ့ပြီး သဘောတူညီချက်နှင့် ရလဒ်ကောင်းများစွာကို ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော ကုန်သွယ်ဖက်နိုင်ငံနှင့် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ထူးခြားသော ပထဝီဝင်အနေအထားကြောင့် တရုတ်နှင့် အာဆီယံကို ဆက်သွယ်ပေးသည့် အရေးပါသော ဗဟိုချက်မအဖြစ် ရပ်တည်လျက်ရှိပြီး အခြေခံအဆောက်အဦ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစသည့် နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဝူကျိုးမြို့ ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးများရေးရာရုံး ညွှန်ကြားရေးမှူး Lei Yanhua က Wuzhou မြို့၏ Liubao လက်ဖက်ခြောက်လုပ်ငန်းနှင့် ၎င်း၏ ယဉ်ကျေးမှုတန်ဖိုးအကြောင်း အလေးပေး မိတ်ဆက်ခဲ့ပြီး ယင်းလက်ဖက်ခြောက် ထုတ်လုပ်မှု နည်းပညာသည် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး အမှတ်တံဆိပ်တန်ဖိုးသည် ယွမ်ငွေ ၅ ဘီလီယံခန့်ရှိကာ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး ယွမ် ၂၅ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ လက်ဖက်ကို ကြားခံအဖြစ် အသုံးပြုကာ မြန်မာနှင့် လက်ဖက်ယဉ်ကျေးမှု၊ ဉာဏ်ရည်တု (AI) စသည့် နယ်ပယ်များတွင် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်-အာဆီယံ ဘူမိသိပ္ပံပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန အတွင်းရေးမှူးချုပ် Wei Qifeng က ကွမ်ရှီးပြည်ပ သတ္တုတွင်းလုပ်ငန်းအသင်း (GOMA) အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး ယင်းအသင်းတွင် အဖွဲ့ဝင်လုပ်ငန်းပေါင်း ၁၁၀ ပါဝင်ကာ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံကျော်ရှိကာ ကွမ်ရှီးပြည်နယ်၏ သတ္တုတူးဖော်ရေးလုပ်ငန်းများ နိုင်ငံတကာသို့ တိုးချဲ့ရေးအတွက် အားကောင်းသော ပံ့ပိုးမှုများ ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာကုန်သွယ်ရေးစင်တာ တာဝန်ခံ ဦးအောင်သိန်းနိုင် က တရုတ်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ ထူးခြားသောလုပ်ငန်းများဖြစ်သည့် ကျောက်မျက်ရတနာ၊ IT ထုတ်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် ချိတ်ဆက်ရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ယင်းတွေ့ဆုံပွဲမှ အောင်မြင်သော ရလဒ်များစွာကို ရရှိခဲ့ပြီး၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အုတ်မြစ်တစ်ခုကို ချမှတ်နိုင်ခဲ့ရန်အတွက် လုပ်ငန်းနှင့် အဖွဲ့အစည်းများစွာတို့က သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး “Wuzhou လက်ဖက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရှိ ကွမ်ရှီးကုန်သည်လုပ်ငန်းရှင် များအသင်းချုပ်တို့၏ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာချွန်လွှာ၊ မြန်မာကုန်သွယ်ရေးစင်တာနှင့် အဖွဲ့အစည်းများစွာတို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များပါဝင်တယ်လို့ သိရပါတယ်။
ယခု တွေ့ဆုံပွဲအခမ်းအနားသို့ တရုတ်နိုင်ငံဘက်မှ Guangxi Yuchai Machinery Group Co., Ltd.၊ Huayue Inspection Service Company အပါအဝင် လုပ်ငန်းကိုယ်စားလှယ်များနှင့် မြန်မာဘက်မှ Olive Bright Consulting Group၊ GBS Good Brothers ကုမ္ပဏီ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အပါအဝင် လုပ်ငန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
#China_MyanmarEconomicandTrade #CooperationMatchingExchangeConference #MFN #MyanmarFutureNews
Photos- MFN
MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook – https://www.facebook.com/myanmarfuturenewsagency
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN