> 首页 > MFN

မြန်မာနိုင်ငံ၏ AI ထုတ်လုပ်မှုကဏ္ဍ အနာဂတ် ဖြစ်နိုင်ခြေများကို စူးစမ်းလေ့လာခြင်း (အပိုင်း ၁) - ဉာဏ်ရည်တုနည်းပညာသုံး ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်း


မကြာသေးမီက MFN သတင်းထောက်တစ်ဦးသည် နိုင်ငံတကာ သတင်းမီဒီယာ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် တရုတ်နိုင်ငံအလယ်ပိုင်းရှိ ချန်ရှား (Changsha) မြို့သို့ သွားရောက်ခွင့် ရရှိခဲ့ရာ ယင်းမြို့၏ ဉာဏ်ရည်တု (AI) ထုတ်လုပ်ရေး နယ်ပယ်၌ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လက်ရှိအခြေအနေနှင့် အောင်မြင်မှုများကို စေ့စေ့စပ်စပ် လေ့လာခွင့်ရရှိခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဉာဏ်ရည်တုထုတ်လုပ်မှုလုပ်ငန်း အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာအတုယူနိုင်ဖွယ် အလားအလာများကို စူးစမ်းရှာဖွေခဲ့ပါသည်။

ချန်ရှားမြို့၏ AI စက်မှုလုပ်ငန်းအကြောင်းကို အကျဉ်းချုပ်အားဖြင့် ဦးစွာ တင်ပြလိုပါသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (Belt and Road Initiative) ၏ အဓိက အချက်အချာမြို့တစ်မြို့ဖြစ်သည့်အပြင် ယန်ဇီမြစ်အလယ်ပိုင်းဒေသ၏ ဗဟိုချက်မြို့လည်းဖြစ်သော ချန်ရှားသည် AI စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အရှိန်အဟုန် ကောင်းမွန်နေပါသည်။ ၎င်းသည် တရုတ်နိုင်ငံတွင် "အမျိုးသားအဆင့် မျိုးဆက်သစ် AI ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေး ရှေ့ပြေးဇုန်" နှင့် "အမျိုးသားအဆင့် AI ဆန်းသစ်တီထွင်မှု အသုံးချ ရှေ့ဆောင်ဇုန်" ဟူသည့် ဂုဏ်ပုဒ်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ရရှိထားသော မြို့ ၁၀ မြို့ထဲမှ တစ်မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် တရုတ် AI မြို့တော် ယှဉ်ပြိုင်နိုင်မှုစာရင်းတွင် အဆင့် ၁၂ ရရှိခဲ့ပါသည်။ ယခုနှစ် ဇွန်လအထိ ချန်ရှားရှိ အဓိက AI လုပ်ငန်းကုမ္ပဏီများ၏ အရေအတွက်သည် ၂,၅၀၀ ကျော်ရှိလာပြီး စက်မှုလုပ်ငန်းကွင်းဆက်ရှိ လုပ်ငန်းကြီးများမှ ရရှိသော ဝင်ငွေသည် ယွမ် ၄၀ ဘီလီယံကျော်လွန်ကာ စက်မှုလုပ်ငန်းအစုအဖွဲ့၏ အားကောင်းသောအကျိုးသက်ရောက်မှုကို ပြသလျက်ရှိပါသည်။



          Zoomlion စမတ်စက်မှုလုပ်ငန်းမြို့သည် ကမ္ဘာလုံးဆိုင်ရာ ဆောက်လုပ်ရေး စက်ယန္တရားကဏ္ဍတွင် အဆင့်အမြင့်ဆုံး ဉာဏ်ရည်တုနည်းပညာသုံး ထုတ်လုပ်မှုအခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်ပြီး စမတ်နည်းပညာသုံး ထုတ်လုပ်မှု၏ ထိပ်တန်းအဆင့်ကို ပြသနေပါသည်။ ဤနေရာရှိ ထုတ်လုပ်မှုလိုင်းမှ ပျမ်းမျှအားဖြင့် ၆ မိနစ်လျှင် မြေတူးစက်တစ်စီး၊ ၇ မိနစ်ခွဲလျှင် လေထဲတွင် လုပ်ငန်းလုပ်ဆောင်ရန်အသုံးပြုသည့် စက်ယန္တရားတစ်ခုကို ထုတ်လုပ်နေပြီး ဘက်စုံ ဉာဏ်ရည်တုနည်းပညာသုံး ထုတ်လုပ်မှု အဆင့်ဆင့်ကို အောင်မြင်စွာ အကောင်အထည်ဖော်နေပါသည်။ စက်မှုအင်တာနက်နှင့် Big Data နည်းပညာများကို အခြေခံ၍ Zoomlion သည် တိကျသော ထုတ်လုပ်မှု စီမံခန့်ခွဲရေးစနစ်ကို တည်ထောင်ထားပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည်ခြေရာခံနိုင်ခြင်းနှင့် မြင့်မားသော စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကို ရရှိစေခဲ့ပါသည်။ ထုတ်လုပ်မှု အဆင့်တိုင်းမှ ဒေတာများကို တိကျစွာ စုဆောင်း၍ နက်ရှိုင်းစွာ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကုန်ပစ္စည်းအရည်အသွေး တည်ငြိမ်မှုကို သေချာစေပြီး ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်နိုင်ခဲ့ပါသည်။

ထုတ်လုပ်မှုကဏ္ဍတွင် ထိုးဖောက်အောင်မြင်မှုများနှင့် အဆင့်မြှင့်တင်မှုများ ရှာဖွေနေသည့် မြန်မာနိုင်ငံအတွက် Zoomlion ၏ အောင်မြင်သော အတွေ့အကြုံသည် တန်ဖိုးရှိသော အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ထုတ်လုပ်မှုလိုင်းများ မိတ်ဆက်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် Zoomlion ၏ ဉာဏ်ရည်တုနည်းပညာသုံး ထုတ်လုပ်မှုလိုင်းများနှင့် ဆင်တူသော စနစ်များကို စတင်မိတ်ဆက်အသုံးပြုရန် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ အဆင့်မြင့် ထုတ်လုပ်မှုလိုင်းများသည် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ရုံသာမက ထုတ်လုပ်မှု အချိန်ကာလကို လျှော့ချနိုင်ပြီး ထုတ်ကုန်၏အရည်အသွေးကိုလည်း မြင့်တက်လာစေကာ "မြန်မာ့ထုတ်ကုန်" များ၏ နိုင်ငံတကာဈေးကွက်အတွင်း ပြိုင်ဆိုင်နိုင်စွမ်းကို အားကောင်းလာစေမည် ဖြစ်ပါသည်။

ထိုနည်းတူစွာ စက်မှုအင်တာနက် တည်ဆောက်ရေးကို အားဖြည့်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများ ဉာဏ်ရည်တုနည်းပညာသုံး ဖြစ်လာရေးအတွက် အဓိကသော့ချက်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ စက်မှုအင်တာနက် ပလက်ဖောင်းများ တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများသည် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုဆောင်းခြင်းနှင့် ဆန်းစစ်လေ့လာခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဤအချက်အလက်များသည် ထုတ်လုပ်မှုလုပ်ငန်း၏ "စမတ်ဦးနှောက်" (Smart Brain) ကဲ့သို့ပင် ဖြစ်ပြီး လုပ်ငန်းများအား ထုတ်လုပ်မှုဖြစ်စဉ်အတွင်းရှိ အသေးစိတ်အချက်အလက်တိုင်းကို တိကျစွာ သိရှိနားလည်စေရန်၊ ဖြစ်နိုင်ခြေရှိသော ပြဿနာများကို အချိန်မီသိရှိရန်၊ လုပ်ငန်းစဉ်များကို လျင်မြန်စွာ ညှိနှိုင်းရန်နှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် ကူညီပေးပြီး ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ကာ ကုန်ကျစရိတ်များကို လျှော့ချနိုင်မည် ဖြစ်ပါသည်။

#ချန်ရှား #Changsha #ဉာဏ်ရည်တု #AI #စမတ်စက်မှုလုပ်ငန်း #MFN #MyanmarFutureNews


Photo – MFN


MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook – https://www.facebook.com/myanmarfuturenewsagency
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN


分享到: