> 首页 > MFN

ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးပွဲတော်အား တရုတ်-အာဆီယံ အတူတကွပါဝင်ဆင်နွှဲ

အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ ကွမ်ရှီးပြည်နယ် ဦးဆောင်ကျင်းပရာဌာန ကိုယ်စားလှယ်နှင့် အာဆီယံ (၁၁) နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်များ လက်တွဲဓာတ်ပုံရိုက်ကြစဉ်။

၂၀၂၆ ခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးတည်ထောင်ခြင်း (၃၅) နှစ် မြောက်နှစ်ပတ်လည်နှင့် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း (၅) နှစ်မြောက် နှစ်ပတ်လည် ဖြစ်ပါသည်။ တရုတ်ပြက္ခဒိန် မြင်းနှစ်၏ နှစ်သစ်ကူးပွဲတော် အခါသမယ ဖြစ်သည့်အလျောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ “မြင်းနှစ်ဖြင့် နှစ်သစ်ကိုကြိုဆို၊ အာဆီယံတွင်း ကံကောင်းခြင်းများပြည့်စုံစေ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို အာဆီယံဆိုင်ရာ တရုတ်သံတမန်အဖွဲ့၊ အာဆီယံဆိုင်ရာ မလေးရှားနိုင်ငံ အမြဲတမ်းသံတမန်အဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့၏ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ သတင်းအချက်အလက်ရုံး၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့က ဦးဆောင်ကျင်းပပြီး ကွမ်ရှီးနေ့စဉ်သတင်းဌာန (ကွမ်ရှီးနိုင်ငံတကာပြန်ကြားရေးစင်တာ)၊ ကွမ်ရှီးရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန၊ ကွမ်ရှီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ကွမ်ရှီး ယဉ်ကျေးမှု စက်မှုလုပ်ငန်းအဖွဲ့တို့မှ ပူးတွဲစီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။ အာဆီယံ (၁၁) နိုင်ငံနှင့် ရုရှား၊ ဗြိတိန်၊ သြစတြေးလျ၊ ကိုးရီးယားနှင့် ဘရာဇီးစသည့်နိုင်ငံများမှ သံတမန်များ၊ အာဆီယံအတွင်းရေးမှူးရုံးမှ အဆင့်မြင့် အရာရှိများ၊ အာဆီယံ အဓိက မီဒီယာများ၊ အင်ဒိုနီးရှား တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော် ၂၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

၁။ ဧည့်သည်တော်များ စုံညီစွာ တက်ရောက်ကြပြီး အနာဂတ်မျှော်မှန်းချက်များ တူညီစွာ ထုတ်ဖော်ခြင်း

ဤသည်မှာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် တရုတ်နှစ်သစ်ကူးယဉ်ကျေးမှုပွဲတော်များကို ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နက်ရှိုင်းလာသည်နှင့်အမျှ ရှေးဟောင်းရိုးရာတစ်ခုဖြစ်သော တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်ပြည်သူများအတွက် မိသားစုများ ပြန်လည်ဆုံစည်းကြသည့်အချိန် ဖြစ်သည်သာမက မတူညီသော ယဉ်ကျေးမှုများအကြား ဆွေးနွေးမှုအတွက် ဆက်သွယ်ရေးလမ်းကြောင်း အသစ်တစ်ခုလည်း ဖြစ်လာပါသည်။ တရုတ်နှစ်သစ်ကူးသည် “သဟဇာတဖြစ်မှုနှင့် အတူယှဉ်တွဲနေထိုင်မှု” ဟူသော အတွေးအခေါ်ကို ကိုယ်စားပြုပြီး အာဆီယံနိုင်ငံများ၏ “စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု” ကို ရှာဖွေခြင်းနှင့်လည်း အပြည့်အဝ ကိုက်ညီနေပါသည်။ ထို့အပြင် “အဟောင်းကို စွန့်လွှတ်ပြီး အသစ်ကို ကြိုဆိုခြင်း” ဟူသော ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အယူအဆသည်လည်း အာဆီယံဒေသ “အတူတကွ ကြွယ်ဝချမ်းသာခြင်း” ဟူသော မျှော်မှန်းချက်နှင့်လည်း အလွန်ကိုက်ညီပါသည်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn မှ ဗွီဒီယိုမိန့်ခွန်းပြောကြားစဉ်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn က ၎င်း၏ ဗွီဒီယိုမိန့်ခွန်းတွင် အချိန်ကြာလာသည်နှင့်အမျှ တရုတ်နှစ်သစ်ကူးပွဲတော်သည် ကမ္ဘာလုံးဆိုင်ရာပွဲတော်တစ်ခုအဖြစ် ပြောင်းလဲလာကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်သစ်ကူးပွဲတော်ကို ယူနက်စကို လူသားမျိုးနွယ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် စာရင်းသွင်းခဲ့ပြီး ဤအဖိုးတန် လူသားမျိုးနွယ်အမွေအနှစ်၏ ကြွယ်ဝသောအဓိပ္ပာယ်များကို မီးမောင်းထိုးပြခဲ့ပါသည်။ အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံများစွာသည် တရုတ်နှစ်သစ်ကူးကို ကျင်းပလေ့ရှိပြီး နိုင်ငံနယ်နိမိတ်များကို ကျော်လွန်၍ နက်ရှိုင်းသည့် စိတ်ခံစားမှုဆိုင်ရာ ဆက်နွယ်မှုများ တည်ရှိကြောင်း အများပြည်သူများကို သိမြင်စေခဲ့ပါသည်။ အာဆီယံသည် မိမိကိုယ်ပိုင်အမှတ်လက္ခဏာကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မွေးထုတ်ရန်အတွက် စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်၍ ယဉ်ကျေးမှုအနုပညာနှင့် ရိုးရာဓလေ့များကို ကာကွယ်ခြင်း၊ ဆက်လက်ထိန်းသိမ်းခြင်းနှင့် ဖန်တီးခြင်းတို့ကို တက်ကြွစွာ တာဝန်ယူကာ ယဉ်ကျေးမှုဆန်းသစ်တီထွင်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးများကို မြှင့်တင်သွားမည် ဖြစ်ပါသည်။ မြင်းနှစ်ကို ကြိုဆိုသည့် အခါသမယတွင် မြင်းတို့၏ တင့်တယ်လျောက်ပတ်မှု၊ သန်မာသော စွမ်းအားနှင့် ရှေ့သို့တက်လှမ်းနိုင်စွမ်း၊ မျှော်လင့်ချက်၊ ခံနိုင်ရည်နှင့် စည်းလုံးညီညွတ်မှု အစရှိသော ကောင်းခြင်းလက္ခဏာများနှင့်အတူ နှစ်သစ်သို့ အတူတကွ ဦးတည်သွားကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Wang Qing မှ မိန့်ခွန်းပြောကြားစဉ်။

အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Wang Qing က နှစ်သစ်ကူးပွဲတော်သည် စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်းနှင့် သဟဇာတဖြစ်ခြင်းတို့၏ သင်္ကေတဖြစ်ကြောင်း၊ အတူတကွ နှစ်သစ်ကူးပွဲတော်ကျင်းပခြင်းသည် တရုတ်-အာဆီယံ ပြည်သူများအကြား စိတ်နှလုံးသားချင်း ဆက်နွယ်မှု၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းတို့၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ တရုတ်-အာဆီယံ အေးအတူ၊ ပူအမျှ အသိုက်အဝန်းသည် နေ့စဉ်နှင့်အမျှ ပိုမိုနီးကပ်လာပြီး ခိုင်မာသော ရှင်သန်မှုစွမ်းအားကို ပြသနေကာ လူသားမျိုးနွယ် အေးအတူ၊ ပူအမျှ အသိုက်အဝန်း အတူတကွတည်ဆောက်ရေးအတွက် စံနမူနာ တစ်ခုကို ချမှတ်ခဲ့ကြောင်း၊ အထူးသဖြင့် ကွမ်ရှီးသည် တရုတ်-အာဆီယံ ချစ်ကြည်ရေး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော “ချိတ်ဆက်ရာနေရာ” နှင့် “ပေါင်းဆုံရာ နေရာ” ဖြစ်ပြီး တရုတ်-အာဆီယံ ဘက်ပေါင်းစုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးတွင် “တံခါးပေါက်နှင့် စတင်ရာ” ၏ အခန်းကဏ္ဍအဖြစ် ပါဝင်ထမ်းဆောင်နေကြောင်း ထောက်ပြခဲ့ပါသည်။ နှစ်သစ်တွင် တရုတ်-အာဆီယံ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုသည် အားမာန်အပြည့်‌နှင့် ချီတက်နေသော မြင်းအုပ်ကဲ့သို့ ဟန့်တားမရနိုင်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက် သွားနိုင်ရန် ဆန္ဒပြုကြောင်း ပြောကြားခဲ့ပါသည်။

အာဆီယံဆိုင်ရာ မလေးရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Sarah မှ မိန့်ခွန်းပြောကြားစဉ်။

အာဆီယံဆိုင်ရာ မလေးရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Sarah သည် တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းရေးနိုင်ငံအဖြစ် မလေးရှားနိုင်ငံသည် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး၏ ဖွံ့ဖြိုးတိုးတက်လာမှုကို မျက်မြင်သက်သေအဖြစ် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြခဲ့ပါသည်။ ယနေ့ကျင်းပသည့် တရုတ်နှစ်သစ်ကူး အခမ်းအနားကဲ့သို့သော ယဉ်ကျေးမှုပွဲတော်များသည် ကျွန်ုပ်တို့၏ မိတ်ဖက်ဆက်ဆံရေးသည် ကုန်သွယ်ရေးသဘောတူညီချက်များနှင့် သံတမန်ရေးရာဆက်ဆံရေးများ ကလွဲ၍ နက်ရှိုင်းသော၊ ရင့်ကျက်ခိုင်မာသော ဆက်ဆံရေးတည်ရှိပြီး တန်းတူညီမျှလေးစားမှု၊ ဘုံအကျိုးစီးပွားနှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်ဖွံ့ဖြိုးရေးဟူသည့် တူညီသော မျှော်မှန်းချက်များအပေါ် ခိုင်မာသောအုတ်မြစ်ပေါ်တွင် ဆက်လက်တိုးတက်နေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ပြန်ကြားရေးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Li Pan မှ မိန့်ခွန်းပြောကြားစဉ်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ပြန်ကြားရေးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Li Pan က အမှာစကားပြောကြားရာတွင် ကွမ်ရှီးသည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် ၎င်းပွဲတော်ကို ကျင်းပခွင့်ရရှိသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊ ကွမ်ရှီးသည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အမြဲတမ်းကျင်းပရာနေရာ ဖြစ်သည့်အတွက် တရုတ်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး၏ အရေးပါသော ဇာတ်ခုံဖြစ်၍ လက်ရှိတွင် အာဆီယံနိုင်ငံများနှင့်အတူ “ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးတွင် သုတေသနပြုခြင်း + ကွမ်ရှီးတွင်ပေါင်းစည်းခြင်း + အာဆီယံတွင်အသုံးပြုခြင်း” ဟူသော AI ဖွံ့ဖြိုးရေး လမ်းကြောင်းကို ပူးပေါင်းတည်ဆောက်ကာ “အာဆီယံတွင်ထုတ်လုပ်ခြင်း + ကွမ်ရှီးတွင် ပေါင်းစည်းခြင်း + တရုတ်နိုင်ငံတွင်ရောင်းချခြင်း” ကုန်သွယ်ရေးကွင်းဆက်အသစ်ကို တက်ကြွစွာ ဖန်တီးလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ကွမ်ရှီးသည် အာဆီယံအသိုင်းအဝိုင်းနှင့်အတူ စုပေါင်းအင်အားဖြင့် လက်တွဲဆောင်ရွက်ကာ တရုတ်-အာဆီယံ အိမ်နီးချင်းဆက်ဆံရေး၏ မိတ်သဟာယများကို ပိုမိုခိုင်မြဲလာစေရန် မျှော်လင့်ပါကြောင်း ဖော်ပြခဲ့ပါသည်။

၂။ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အတူဆင်နွှဲလျက် နှစ်သစ်ကူးအငွေ့အသက်ကို အတူတကွခံစားခြင်း

ပွဲတော်တွင် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များအား ဖိတ်ကြားကာ မြင်းနှစ် နှစ်သစ်ကူးပွဲတော်ကို အတူကြိုဆို၍ တရုတ်ရိုးရာနှစ်သစ်ကူး၏ အငွေ့အသက်နှင့်အတူ အနုပညာများကို အတူတကွ ခံစားကြရန် ဖြစ်ပါသည်။

"ကမ္ဘာ့နွေဦးသစ်ထံသို့၊ တို့အတူလက်တွဲဖွင့်လှစ်စို့" ဖျော်ဖြေရေးအစီအစဉ်ဖြင့် အခမ်းအနား ကို စတင်ဖွင့်လှစ်စဉ်။

တရုတ်တိုင်းရင်းသားရိုးရာအက “ကြီးကျယ်ခမ်းနားသော တရုတ်ပြည်၊ ကျွမ့်ရိုးရာပြည့်ဝသည့် ကွမ်ရှီး" ကို ကပြတင်ဆက်စဉ်။

တရုတ်နိုင်ငံ၊ ကွမ်ရှီးဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သည့် ရောင်စုံပြဇာတ် "လျိုဆန်းကျယ်" မှ ဂန္ထဝင်ဇာတ်လမ်း "အပြန်အလှန် သီချင်းဖလှယ်ခြင်း" ကို ကပြတင်ဆက်စဉ်။

သရုပ်ဖော်အကဖြစ်သည့် “ကြီးကျယ်ခမ်းနားသော တရုတ်ပြည်၊ ကျွမ့်ရိုးရာပြည့်ဝသည့် ကွမ်ရှီး" ဖြင့် အစပျိုး၍ ရောင်စုံပြဇာတ် "လျိုဆန်းကျယ်" မှ ဂန္ထဝင်ဇာတ်လမ်းဖြစ်သည့် "အပြန်အလှန် သီချင်းဖလှယ်ခြင်း"ကို တင်ဆက်ကာ အရှေ့တိုင်းကဗျာများနှင့် ဆန်းသစ်သော တီထွင်မှုတို့ကို ပေါင်းစပ်ထားသည့် အနုပညာလက်ရာမွန်တစ်ရပ်ကို ဖန်တီးခဲ့ပါသည်။ တရုတ်ရိုးရာတူရိယာသံဖြင့် တင်ဆက်သည့် "တရုတ်ယဉ်ကျေးမှုဖြင့် နှစ်သစ်ကြိုဆို၊ မြင်းနှစ်မှာ တိုးတက်ကြီးပွား” ကဏ္ဍတွင် နှစ်ကြိုးတပ် တယောနှင့် နှဲတူရိယာတို့ကို အဓိကထား၍ တီးမှုတ် ခဲ့ကြပါသည်။ "အနောက်အရပ်သို့ ခရီးသွားခြင်းမှတ်တမ်း" ဇာတ်ကားအဓိကတေးသီချင်း၊ "Black Myth: Wukong” စသည့် ဂန္ထဝင်တေးသွားများကို တီးမှုတ်ခြင်းဖြင့် "တရုတ်ယဉ်ကျေးမှု IP ဂီတပွဲတော်" အဖြစ် စုစည်းဖန်တီးခဲ့ပါသည်။ နှစ်နိုင်ငံမှ ဂီတတီးဝိုင်းပညာရှင်များသည် တရုတ်နိုင်ငံ၊ ကွမ်ရှီးရိုးရာတူရိယာဖြစ်သည့် မာဂူးဟူ(မြင်းရိုးစောင်း)၊ ဘိုလဲ(Bolie)တူရိယာတို့ကို အင်ဒိုနီးရှား ဂမ်ဘလန်း(Gamelan) တူရိယာနှင့် တွဲဖက်ကာ ဂန္ထဝင်တေးသီချင်းဖြစ်သည့် "စံပယ်ပန်း" နှင့် "နွေဦးမြစ်ရေ ကဲ့သို့သော ကျေးလက်သီချင်းများ" တို့ကို ပူးပေါင်းဖျော်ဖြေခဲ့ကြပြီး ဂီတပညာဖြင့် စိတ်တူကိုယ်တူ နားလည်သူနှင့် ဆုံစည်းမိကြသကဲ့သို့ အနုပညာတုံ့ပြန်သံများသည်လည်း ကြာမြင့်စွာ ပဲ့တင်ထပ်နေခဲ့ပါသည်။

အနုပညာရှင်များမှ ဆုတောင်းမေတ္တာပါဝင်သည့် ကွမ်ရှီးဘောလုံးလက်ဆောင်များကို ဧည့်သည်တော်များအား ပေးအပ်နေစဉ်။

“အာရီဇာနာနီရာ” အကသီချင်းဖျော်ဖြေမှုဖြင့် တရုတ်-အာဆီယံ ချစ်ကြည်ရေးသီချင်းကို သီဆိုကြစဉ်။

ဧည့်သည်တော်များနှင့် ဖျော်ဖြေရေးအနုပညာရှင်များ စုပေါင်းဓာတ်ပုံရိုက်ကြစဉ်။

ပွဲတော်အတွင်း ကွမ်ရှီးနေ့စဉ်သတင်းဌာန (ကွမ်ရှီးနိုင်ငံတကာပြန်ကြားရေးစင်တာ)၊ ကွမ်ရှီး ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနတို့သည် အင်ဒိုနီးရှား အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန၊ EL JOHN TV Indonesia ၊ အင်ဒိုနီးရှားအင်ဟွာနေ့စဉ်သတင်းစာ စသည့် အာဆီယံမီဒီယာများနှင့် ပူးပေါင်း၍ တရုတ်-အာဆီယံ နှစ်သစ်ကူးဗွီဒီယိုတိုပြသပွဲသီတင်းပတ်ကို စတင်ဖွင့်လှစ်ခဲ့ကြ၍ ဗွီဒီယိုတိုများအား ပေါင်းကူးတံတားအဖြစ် အသုံးပြုကာ တရုတ်နှင့် အာဆီယံ နိုင်ငံများ နှစ်သစ်ကူးပွဲတော် အတူတကွ ဆင်နွှဲပုံကို ဘက်ပေါင်းစုံမှ ပြသခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက် သုံးစွဲသူများကို အွန်လိုင်းတွင် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ကမ္ဘာလုံးဆိုင်ရာ ပွဲတော်ကို အတူတကွ ဖြတ်သန်းကြရန် ဖိတ်ခေါ်ခဲ့ပါသည်။

တရုတ်နှင့် အာဆီယံ မီဒီယာကိုယ်စားလှယ်များသည် တရုတ်-အာဆီယံ နှစ်သစ်ကူးဗွီဒီယိုတို ပြသပွဲသီတင်းပတ်ကို အွန်လိုင်းမှတစ်ဆင့် အတူတကွ ဖွင့်လှစ်ကြစဉ်။

၃။ ယဉ်ကျေးမှုပြပွဲ အတူကြည့်ရှုကာ နှစ်သစ်ကို အတူကြိုဆိုခြင်း

ဧည့်သည်တော်များက လက်ရာပြောင်မြောက်သည့် ကွမ်ရှီးကျွမ့်ရိုးရာအထည်များကို နီးကပ်စွာ ကြည့်ရှုနေကြစဉ်။

ထိုနေ့တွင်ပင် "နွေဦးရောက်ခါ ဆုတောင်းပါ၊ မြင်းနှစ်ရောက်လာ အောင်မြင်မှာ" တရုတ် ရိုးရာနှစ်သစ်ကူးယဉ်ကျေးမှုပြပွဲနှင့် "ပျော်ရွှင်ဖွယ်မြင်းနှစ်" နှစ်သစ်ကူးယဉ်ကျေးမှု ဈေးရောင်းပွဲတို့အား အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် တစ်ပြိုင်နက် ကျင်းပခဲ့ပါသည်။ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များသည် ကစားနိုင်၊ ကြည့်ရှုနိုင်၊ မြည်းစမ်းနိုင်သည့် အတွေ့အကြုံများအတွင်း "လက်ဖက်ရည်နှင့် ကမ္ဘာကို ပေါင်းစည်းခြင်း" ဆိုသည့် ဧည့်ခံခြင်းယဉ်ကျေးမှု၊ "ရှေးဟောင်းပညာဖြင့် ကံကောင်းမှုကို လက်ဆင့်ကမ်းခြင်း" ဆိုသည့် မင်ရည်ဖြင့်ပုံကူးယူခြင်းများ၊ "လက်ရာမြောက် ဖန်တီးမှုများ" ဆိုသည့် စက္ကူဖြတ်ညှပ်အနုပညာ၊ "စတုဒိသာ ဧည့်ခံကျွေးမွေးခြင်း" ဆိုသည့် နှစ်သစ်ကူး အစားအစာများကို မြည်းစမ်းခံစားကြပါသည်။

ဧည့်သည်တော်များက တရုတ်နိုင်ငံ၏ စက္ကူဖြတ်ညှပ်အနုပညာကို စိတ်ဝင်စားစွာ ကြည့်ရှုကြစဉ်။

ဧည့်သည်တော်များအတွက် အံ့အားသင့်ဖွယ်အကောင်းဆုံးမှာ ကွမ်ရှီး၏ ခေတ်မီ AI နည်း ပညာထုတ်ကုန်များဖြင့် ဉာဏ်ရည်တုအနာဂတ်သို့ လည်ပတ်ခြင်းပင် ဖြစ်ပါသည်။ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များသည် လက်တွေ့ စမတ်ဘာသာပြန်ကိရိယာများကို စမ်းသပ်ကြည့်ရှုခြင်း၊ AR မျက်မှန်များ တပ်ဆင်ခြင်းတို့ဖြင့် အတားအဆီးမရှိ ဆက်သွယ်ပြောဆိုမှုအတွင်း စီးမျောခံစားခြင်းနှင့် ကျော်ကျန်းမြစ်မှ ဟွာရှန်တောင် နံရံပန်းချီများ၏ နှစ်ထောင်ချီ ဖြစ်ရပ်ဆန်းကို လေ့လာခဲ့ကြပါသည်။ “တရုတ်၏ AI နည်းပညာသည် နှစ်သစ်ကူး၏ လှပသော အခင်းအကျင်းများကို တိကျစွာ ပုံဖော်နိုင်ရုံသာမက အာဆီယံ-တရုတ် ရေမြေတောတောင် ဆက်စပ်နေခြင်း၊ ကောင်းမွန်သော အိမ်နီးချင်း ဆက်ဆံရေးဆိုင်ရာ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းများကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနိုင်ပြီး အနာဂတ်ထံသို့ တူယှဉ်တွဲကာ ပူးပေါင်းဆောင်ရွက်နေပုံကို ဖော်ပြနိုင်သည်” ဟု အင်ဒိုနီးရှား အင်ဟွာနေ့စဉ်သတင်းစာ သတင်းထောက် Zhong Yongqi က ဆိုခဲ့ပါသည်။

ဧည့်သည်တော်များက တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်ထုတ်ကုန် AI ဘာသာပြန်မျက်မှန် အကြောင်း စိတ်လှုပ်ရှားစွာ မေးမြန်းနေစဉ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် "ကံကောင်းခြင်းမြင်းနှစ်" မြို့ပြလျှပ်တစ်ပြက်ဖျော်ဖြေပွဲ နှစ်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း Halim ဘူတာနှင့် ဂျကာတာ ဗဟိုဥယျာဉ်ကုန်တိုက် တို့တွင် ကျင်းပခဲ့ပြီး ၎င်းနေရာတွင် "ပျော်ရွှင်ဖွယ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲ" ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြပါသည်။

အင်ဒိုနီးရှားပြည်သူများ ဆုတောင်းမေတ္တာပြည့်နှက်နေသော ကွမ်ရှီးဘောလုံးလက်ဆောင်များကို လက်ခံရရှိကြစဉ်။

ကွမ်ရှီးမှ အနုပညာရှင်များသည် အဆိုအက၊ ဇာတ်သဘင်၊ ရုပ်သေး စသည့် ပုံစံအမျိုးမျိုးဖြင့် ဖျော်ဖြေပြသခဲ့၍ ဒေသခံပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ကာ ယနေ့ခေတ်စားနေသည့် "ကွမ်ရှီးခယ်မူဆန်း" အကကို အတူတကွ ကခုန်စေခြင်းဖြင့် နှစ်သစ်ကူး၏ မြူးကြွမှုကို အတူမျှဝေခံစားခဲ့ကြပါသည်။ "ဒီနှစ် ဂျကာတာမြို့ရဲ့ နှစ်သစ်ကူးဟာ ထူးခြားနေပါတယ်" ဟု အင်ဒိုနီးရှားတွင် နေထိုင်သည့် ကိုယ်ပိုင် မီဒီယာဘလော့ဂ် ရေးသားသူ Yi Yan က ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားပြည်သူများ အံ့သြဖွယ်ရာ နှစ်ကြိုးတပ် တယောဖျော်ဖြေမှုကို စိတ်ဝင်စားစွာ ကြည့်ရှုကြစဉ်။

အင်ဒိုနီးရှားပြည်သူများ တရုတ်နိုင်ငံ၊ ကွမ်ရှီးအနုပညာရှင်များနှင့် "ကွမ်ရှီးခယ်မူဆန်း" အကကို အတူတကွ ကခုန်ကြစဉ်။

ဤပွဲတော်အား ပြည်သူ့နေ့စဉ်သတင်းစာ၊ ဆင်ဟွာသတင်းဌာန၊ တရုတ်မီဒီယာအဖွဲ့၊ တရုတ်သတင်းဌာန၊ အင်ဒိုနီးရှား အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန၊ အင်ဒိုနီးရှား Metro TV News ၊ Bolong.id ၊ Vietnam News Agency စသည့် မီဒီယာ ၂၀ ကျော်တို့မှ ပွဲတော်ကျင်းပသည့် နေရာများသို့ ရောက်ရှိ၍ သတင်းယူခဲ့ကာ နှစ်သစ်ကူးပွဲတော်တွင် ပေါင်းစပ်ပါဝင်နေသော ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ သဟဇာတဖြစ်ရေးစသည့် သဘောတရားများကို ပြည်တွင်း ပြည်ပရှိ ပြည်သူများထံသို့ ကျယ်ပြန့်စွာ ပြန့်နှံ့စေခဲ့ပါသည်။


#တရုတ်_အာဆီယံ #မြင်းနှစ် #တရုတ်နှစ်သစ်ကူးပွဲတော် #China_ASEAN #ChineseNewYear #MFN #MyanmarFutureNews

MFN သတင်းများအား အောက်ပါ Link များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook - https://www.facebook.com/myanmarfuturenewsagency
Telegram - https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN


分享到: